ဘာကြောင့်များလဲ . . .
ကမ္ဘာတစ်ခြမ်းလုံးပွင့်နေကြတဲ့
သူတို့ကိုမှ ပိုးရွေးကိုက်သွားရတာ၊
ဘာကြောင့်များလဲ. .
သူတို့မှာလည်း တောင်တန်းတွေ
တစ်မျှော်တစ်ခေါ်ရှည်လျားခဲ့မှာ
သူတို့မှာလည်း နောက်တစ်နေ့တွေကို
ရောင်စုံခြယ်ဖူးကြမှာပဲ
သူတို့က မြှားတွေကိုယ်စီချွန်လို့
သူတို့က ဓားတွေကိုယ်စီသွေးလို့
ဘာကြောင့်များ
သူတို့က စစ်ပွဲမှာ လိုက်ပါခွင့်မရခဲ့တာလဲ၊
ဟုတ်တယ် ...
သူတို့ မှာ လကမ္ဘာကိုလည်ပတ်ချင်စိတ်ရှိမယ်
ပန်းနဲ့ သီတဲ့ ဒိုင်ယာရီတွေ ရေးချင်လိမ့်မယ် ...
ညခင်းတိုင်းမှာ
လသာချင်ရှာလိမ့်မယ်၊
ကံကြမ္မာဆိုတာကြီးရယ် ...
အဖန်တစ်ရာထေအောင်ပဲ ကြင်နာလိုက်စမ်းပါ
မနက်ဖြန်တွေ သူ့ အတိုင်းသူ ရှိနေစေဖို့ လေ။ .
အနာဂတ်ဆိုတဲ့ ယာဉ်ကြီးကို သူတို့ စီး
နယူတန်လိုပဲ ပန်းသီးတွေကို သူတို့ ကောက်ကြ
ကမ္ဘာကြီးကို သူတို့ လက်ချောင်းလှလှ လေးတွေနဲ့  ပုံသွင်းကြ ...
သူတို့  အတွက်ရနိုင်သမျှ ပေးဆပ်ခြင်းတွေနဲ့ 
သူတို့  ဦးခေါင်း တွေ မြင့်မြတ်နိုင်ကြစေ၊
ယူသလောက်မရရင်တောင်မှ
ရသလောက်တော့ယူနိုင်ကြပါစေ၊
ဒါဟာ . . . နောင်လာမယ့်သမိုင်းကြောင်းအတွက်
သူတို့ရေးမယ့်စာမျက်နှာပဲ ။
မှတ်ချက်။ ။ဒီကဗျာလေးကိုအစ်ကိုကဗျာဆရာရိုးရာနဲ့  ပူးပေါင်းပြီး ၂၀.၁၂.၂၀၀၉၊စိမ်းလန်းစိုပြေမှာကျင်းပခဲ့တဲ့HIVမိဘမဲ့ကလေးငယ်များ ရံပုံငွေကဗျာရွတ်ပွဲအတွက်ရည်ရွယ်ရေးသားခဲ့တာဖြစ်ပါတယ်။
1 comments:
"ယူသလောက်မရရင်တောင်မှ
ရသလောက်တော့ယူနိုင်ကြပါစေ"
အ၇မ်းကောင်းပါတယ်.....ညီလေးရေ.......
အစ်ကို......ဒီအပိုဒ်ကိုတော့ အကြိုက်ဆုံးပဲ.....
လူတွေက...ရသလောက်ကိုယူခွင့်မပြုတာခတ်တယ်ကွ....
"ဘယ်တော့များမှ.....သူတို့..ရရှိနိုင်ကြမလဲ.."
ညီလေးရဲ့ကဗျာနဲ့အတူ အစ်ကိုဆုတောင်ပေးပါတယ်..သူတို့
လိုချင်တာလေးတွေကို..ရ ယူပိုင်ဆိုင်နိုင်ကြပါစေလို့
ဝသုန်
Post a Comment