rss
Twitter Delicious Facebook Digg Stumbleupon Favorites
Thursday, December 24, 2009
ကော်ဖီခွက်တွေ အဆိပ်မဲ့ပါစေ ... ယောဟန်
ယောဟန်ရေ
မီးတောင်ဆိုတာ 
အဖိုးတန်ရတနာသိုက်ကြီးလို့  ငါပြောရင်
မင်းယုံလိုက်ပါ။
နိုဘယ်လ်ဆုလောက်နဲ့ 
ဘ၀ကိုရောင့်ရဲမနေဖို့  ၊
သစ်တော်သီး ဆန်ဆန်၊
အကြမ်းရည်ဆန်ဆန်၊
အိုဘားမား ဆန်ဆန် စကားပြောပါ
မင်းခွန်အားထဲမှာ
မင်းရဲ့ ကိုယ်စောင့်နတ်ကို
မင်းပြန်စောင့်ရှောက်ရလိမ့်မယ်။
ရေစုန်မှာ မျောတယ် ဆိုတာ လူညံ့တွေရဲ့ အလုပ်ပဲ
ဒီတော့   ငါတို့ က
ရေဆန်မှာ မျောရလိမ့်မယ်၊
မောတယ်ပန်းတယ် သဘောမထားနဲ့  ယောဟန်
ငါဆို့ ဟာ ဖုန်ပေနေတဲ့ တာယာဖိနပ်နဲ့ 
ကော်ဇောနီပေါ် လျှောက်ရမှာလေ၊
သူ့ အတိုင်းသူ ရှိနေပါစေ။
၂၁ ရာစုကြီးမှာ
ဘာမှ လုပ်စရာမရှိလို့ 
အသက်ကို ဖက်နဲ့ ထုပ်ထားလိုက်တယ်၊
ကမ္ဘာကြီး၊ကမ္ဘာကြီးလို့  အသံကောင်းဟစ်နေရုံနဲ့ 
ကမ္ဘာဟာ  ကြီးမလာနိုင်တာ မင်းလည်းသိသားနဲ့ ၊
ဝါးအိမ်လေးတွေ တည်ရမယ်
စပါးခင်းတွေ စိုက်ရမယ်
ကဗျာဆရာ ဆိုတဲ့ ဂုဏ်ပုဒ်ထဲမှာ
ယောဟန်ရေ
မီးတောင်ဆိုတာ 
အဖိုးတန်ရတနာသိုက်ကြီးလို့  ငါပြောရင်
မင်းယုံလိုက်ပါ။
ကောင်းရာသုဂတိမလားနိုင်သေးတဲ့
ကိုယ့်နားရွက်ကို ပြန်ပြန်မြင်နေရတဲ့
ပြီးတော့
ယောဟန်ရေ
အာကာသကို အပျော်ခရီးထွက်ကြတဲ့ခေတ်မှာ
မြေပေါ်ခိုင်ခိုင်ရပ်ပြီး
လဲနေသူကိုသာ ထူပေးပါ။
မင်းလက်ထဲမှာ
ကမ္ဘာကြီးကို အေးအေးချမ်းချမ်း အိပ်စက်ပါစေလား၊
မင်းဆိုမယ့် တေးနဲ့ 
မြင်အပ်မမြင်အပ်သတ္တ၀ါ အားလုံး
ကခုန်မြူထူးကြပါစေလား၊
မင်းဟာ ကဗျာဆရာဖြစ်တယ်၊
ကမ္ဘာကြီးရဲ့  လုပ်ခစားကဗျာဆရာ ဖြစ်တယ် ယောဟန်။
ရေခဲမြစ်တွေနဲ့  အပြိုင်
မင်းအရည်မပျော်ရဘူး၊
တောင်ကတုံးတွေနဲ့ အပြိုင်
မင်းရဲ့  ၀တ်ရုံကို လွှင့်မပစ်ရဘူး၊
ဝေလငါးကြီးတွေ မိုးပေါ်ပျံတာကို
မင်းမြင်အောင် ကြည့်ပါလေ
တိမ်နဲ့ မြူခိုး တောင်ကို မမိုးနိုင်တော့တဲ့ မာရ်နတ်သာသနာမှာ
ကလေးငယ်တို့ ရဲ့ စာရိတ္တကို
ငါတို့ တွေ တန်ဖိုးကြီးပေးပြီး ၀ယ်ရမယ်။
ယောဟန်ရေ
မီးတောင်ဆိုတာ 
အဖိုးတန်ရတနာသိုက်ကြီးလို့  ငါပြောရင်
မင်းယုံလိုက်ပါ။
1 comments:
nguwahwin said...
ကဗျာလေး ကလည်းကောင်းလိုက်တာ... ဒီကော်မန့် ကို ၀င်ပေးလိုက်မယ်ဆိုပြီး ၀င်လိုက်တာ တကယ် တမျိုးလေးခံစားလိုက်ရတယ် "သစ်ရွက်တွေတောင် စကားပြောတတ်တယ်" လို့ရေးထားတာလေး... ငုဝါ ကလည်း ထနောင်းပင်တွေချစ်တတ်တယ်... ထနောင်းပင် မတွေ့ရတာ ကြာလို့ လွမ်းတောင် လွမ်းတယ်... ရန်ကုန် မှာ ထနောင်းပင်မရှိဘူး...