rss
Twitter Delicious Facebook Digg Stumbleupon Favorites
Friday, December 11, 2009
မိတည်ကြည်အတွက်ကဗျာ-၁
ငါ့ဆင်ခြင်တုံတရားဆိုတာ
နင်ဝတ်ဆင်တဲ့ နောက်ဆုံးပေါ်ဒီဇိုင်းတွေ ဖြစ်နေပါရောလား
အချည်းအနှီးတောင်တန်းတွေကို
အထီးတည်းဖြတ်ကျော်ရတဲ့အခါ
ကွမ်တမ်သီအိုရီ ဆိုတာလည်း
ညနေခင်းနဲ့ မဆီလျော်တော့ဘူးပေါ့၊
မောင်ချောနွယ်ကိုမသိ၊အန်ဒီမာရေးကိုသာသိတဲ့
ဘယ်ဘက်ကတိုက်ပေးရမလဲလို့  ငါစဉ်းစားတဲ့အခါ
နင့်ကို သတိရတယ်။
ရပ်တန်းကတော့ မရပ်ချင်ဘူးကွယ်
ငါတို့ လက်ထဲက ကံ့ကော်တောလေးကို
(၉၆)ပါးသော ဆေးရောင်စုံတွေ လောင်းချတဲ့အခါ
ငါ့ကိုယုံကြည်ဖို့ 
နင့်ကိုယ်နင် ယုံကြည်စရာမလိုပါဘူး
ငါလက်ဆောင်ပေးမယ့် အပြာရောင်အနန္တလေးဟာ
ရောဂါပိုးမွှား အကြွင်းမဲ့ကင်းစင်ပါတယ်။
ဟေး ... မိတည်ကြည်
ဘတ်စ်ကားတိုးမစီးနိုင်တဲ့ ကိုရွှေချောတွေလို
အလှကုန်ပစ္စည်းတွေကို ဖေါဖေါသီသီစားနေတယ်လို့ များ
နင်က ငါ့ကို မြင်နေရော့သလား၊
ကမ္ဘာကြီးက ပြားမနေဘူးဆိုပြီး ငါ့ကိုတော့ ရေစက်မချလိုက်နဲ့ 
ငါကပိုင်စိုးဝေ မဟုတ်သလို
နင်ကလည်း မိဝင်းမဟုတ်ဘူး၊
နင်က မော်နီကာလူဝင်စကီးနဲ့ မတူသလို
ငါကလည်း ဘီလ်ကလင်တန်မဖြစ်နိုင်ပြန်ဘူး
မိတည်ကြည်ရေ ...
ဓူဝံကြယ်ကို ခူးမပေးနိုင်ပေမယ့်
ငါ့တရားကိုတော့ နာပါကွယ်။
ကိုယ့်ထမင်းကိုယ်စားပြီး ချစ်မိတော့လည်း
ကိုယ့်နံကြားကိုပဲ ဓားနဲ့ ထောက်ထားတော့မယ်၊
ကုဗပုံလူငယ်တစ်ယောက်ရဲ့
သော့ပေါက်မပါတဲ့ ဆောင်းရာသီထဲမှာ
နင့်လမ်းပေါ် နင့်ခြေထောက်တွေနဲ့  ငါလျှောက်ရပေါ့
နင့်ကျောင်း၊နင့်ဂါထာနဲ့  တစ်ရွာတစ်ပုဒ် ဆန်းရပေါ့
နင့်ဆန်စားပြီး ငါရဲရပေါ့၊
မိတည်ကြည်ရေ ...
ငါ့မှာရွာရိုးကိုးပေါက် လျှောက်သွားနေတတ်တဲ့
ဆေးလိပ်နဲ့ ရေနွေးကြမ်းရောသောက်တတ်တဲ့
ပြီး ... ပလက်ဖေါင်းနဲ့ သမ္မတအိမ်တော် မှားအိပ်မိတဲ့
ဘာတဲ့ ... သူငယ်ချင်းဆိုတာ
ဟုတ်စ ... မိတည်ကြည်
ညနေခင်းတွေထဲ ခေါ်မသွားနိုင်ဘူးကွယ်
တော်ကြာ ... ခုနစ်စဉ်ကြယ်ရဲ့ အမြှီးကိုလိုချင်တယ် ဆိုမှ
ကောင်းကင်ကြီးနဲ့ ငါ ဗျာပါဒများနေရပါဦးမယ်။
ဘကြီးအောင်လို
ငါ့ကိုညာဖို့ တော့ မကြိုးစားနဲ့ လေ
နင်ကသာ ထီးဆောင်းပေးမယ်ဆို
ခေါင်းကလေးကို တစ်ချက်လောက်ပဲညိတ်ပေးပါ မိတည်ကြည်
တစ်ချက်လောက်ပါပဲ ...
ဟောဒီ့နတ္ထိကောင်ရဲ့ သလင်းကျောက်ရှင်ထဲမှာ
မိတည်ကြည် ဆိုတဲ့ အကြောင်းသုံးပါးလေးရှိနေတာ
တမင်းရေချောင်းစီး၊မောင်းတီးပြီးကြေငြာပစ်ချင်လို့ ပါ။
ကြည့်စမ်း ...
ကြယ်နဲ့ လကို ဆွေခန်းမျိုးခန်းဖြတ်ထားတဲ့ ညလေးပဲ
သူ့ အလင်းတွေသူ ပြန်ကောက်နေလိုက်တာ
မှောင်ရမှာတောင် မေ့လို့ ၊
ခက်ပါလား ... မိတည်ကြည်ရယ်
နင်ဆိုတဲ့ လူမလေးဟာလေ
ဂစ်တာနဲ့ ပီယာနိုခွဲခြားမသိပေမယ့်
ဖာဂူဆန်ကြီးဘယ်နှစ်ပွဲအပယ်ခံရတယ် ဆိုတာမျိုးကျ
သိနေပြန်ပါရော ။
သီတင်းကျွတ်ရင် အညာပြန်မယ်
မိုးနဲ့ မြေကို အောင်သွယ်မယ်
ဆိုင်ကယ်ဆိုတာ ထန်းရည်နဲ့ မောင်းလို့ မရကြောင်း
သက်သေပြမယ်၊
မင်္ဂလာပါ မိတည်ကြည်
သူ့ ကိုယ်သူ လေယာဉ်ပျံလို့ ထင်နေတဲ့
စာဘူးတောင်းငှက်ကလေးကိုလည်း ထားရစ်ခဲ့၊
သွားစို့ လေ ...
ငါတို့ တွေ နက္ခတ်ချင်းလက်တွဲပြီး
အိုဇုန်းလွှာကို ဖါထေးကြမယ်။
0 comments: