rss
Twitter Delicious Facebook Digg Stumbleupon Favorites
Friday, October 8, 2010
"သောကြာနေ့ ၊မနက် ၉ နာရီ၊လက်ဖက်ရည်ဆိုင်"
အားလုံးပြီးဆုံးသွားပြီ ဂျိုး
ဆွဲလက်စပန်းချီကားထဲ ကျုပ်ဝင်ထိုင်လိုက်တယ်။
မိုက်လို့ မကုန်နိုင်တဲ့လူငယ်ဘ၀မှာ
ဒဏ်ရာအနာတရဆိုတာ
ကိုလံဘတ်ရှာမတွေ့ ခဲ့တဲ့ နယ်မြေသစ်တွေပဲ ။
လမ်းထိပ်အုတ်ခုံမှာ ထိုင်ရင်း
ဆေးလိပ်ကို မီးမညှိဘဲသောက်ကြည့်ခဲ့ဖူးတယ်
သိပ်ထူးဆန်းတယ် ဂျိုး
ကျုပ်ဆံပင်တွေ ရှည်လာပြန်ပေါ့။
ရိုးသားမှုမပါဘဲ ဘတ်စ်ကားစီးရတာ သိပ်အဆင်မပြေလှဘူး
ခေတ်ကြီးဟာ အရက်မူးနေပြီ။
ကျော်ကြားမှု၊ငွေစက္ကူ
စစ်မှန်တဲ့ ချစ်မေတ္တာ၊အမှန်တရား
ပလက်ဖေါင်း၊ဖိုမဆက်ဆံရေး
ကျုပ်တို့ မှာ ရွေးချယ်စရာမရှိဘူး၊
ရွေးချယ်ခွင့်မရှိဘူး။
တစ်ခါတစ်လေမှာ
လူငယ်တွေရဲ့ စိတ်ဓာတ်ဟာ
အရာအားလုံးထက်ပိုမြင့်မြတ်တယ် ဂျိုး
မီးခိုးတန်းတွေ ခရီးသွားတယ်။
မှားတဲ့အခါ ခါးထောက်နေမယ်
မှန်တဲ့အခါ ဘယ်ကိုမှ မပြန်ဘူး
ပန်းချီကားထဲမှာ မိုးပိုသည်းနေပြီ။
အနုပညာနဲ့ ကိုယ်ကျင့်တရားမှာ
ကျောက်သင်ပုန်းဟာ အစိတ်စိတ်ကွဲကြေလို့ ၊
ကျုပ်ရှာဖွေတွေ့ တဲ့ အချစ်ဆိုတဲ့ တီရှပ်ထဲ
"အာဒံရဲ့ အချစ်ဦးဟာ ဧ၀မဟုတ်ဘူး"ဆိုတာပဲ ထွက်ကျလာတယ်။
ဂျိုးရေ ...
ကျုပ်စိုက်ခင်းတွေ အောင်မြင်ခဲ့ပါတယ်
အနုပညာ၊ချစ်ခြင်းမေတ္တာ၊သစ္စာတရား
အရာအားလုံးမှာ ကျုပ် လိပ်ပြာလုံတယ်။
တကယ်တော့ ဟီရိုရှီးမားဟာ
အနုမြူဒဏ်ကြောင့် ပြာကျခဲ့တာ မဟုတ်ဘူး။
ဒီနေ့ ကစပြီး
ရှုမျှော်ခင်းကို တစ်ဝက်ပဲ ကြည့်တော့မယ် ဂျိုး
အလှတရားကို ရိုးရှင်းတဲ့ ပုံစံမထုတ်ချင်တော့ဘူး။
ဒီနှစ်ထဲ ခေတ်ပေါ်မိန်းမတစ်ယောက်ကို ရိုးသားစွာချစ်မိတာလွဲလို့ 
ဘာအောင်မြင်မှုမှ မရှိဘူး၊
လူဆိုတာ ရူးနေတဲ့အမျိုးပဲ။
ကျုပ်တို့ ဝတ်ထားတဲ့အင်္ကျီ ဘာတံဆိပ်လဲ
ကျုပ်တို့ သွားနေတာ လမ်းနံပါတ် ဘယ်လောက်လဲ
ဖိနပ်စီးခဲ့ ဂျိုး
အချစ်၊ငွေ၊ကျော်ကြားမှု
ရာသီဥတုက အချိန်နဲ့ အမျှပြောင်းလဲတယ်။
ကျုပ်တို့  ဘောင်းဘီဝတ်တယ်
လမ်းလျှောက်တယ်
မုသားစကားပြောတယ်
အရက်သောက်တယ်။
ယုံကြည်ချက်အမှန်တရားဟာ
လကမ္ဘာပေါ်က အမေရိကန်အလံ၊
လူသားတွေ အောင်နိုင်ခဲ့ပါတယ်၊
လူငယ်တွေ အောင်နိုင်ခဲ့ပါတယ်။
ခေတ်ကို ဖြတ်မယ် ဂျိုး
တန်းတွေ ကွင်းတွေ ကိုင်ထားပါ
လိုအပ်ရင် ဘရိတ်သုံးမယ်။
-နေ့ သစ်
Tuesday, October 5, 2010
မကြည်ဖြူ
ကျုပ်က လူငယ်ပီပီ
ရန်ကုန်မြို့ ကြီးကို မကြာခဏခလုတ်တိုက်တယ်။
ကိုယ့်ကိုယ်ကို လူမိုက်လို့ 
သတင်းစာထဲ ထည့်ကြော်ငြာခဲ့တုန်းက
ယုံကြည်ချက်ဟာ တော်လှန်ရေးမီးရထား။
တစ်ဘ၀လုံး သတင်းအမှားတွေချည်းပဲ ရတယ်
ဇော်ဝင်းထွဋ်ရဲ့  ဂျစ်ပစီမိုးတိမ်ဟာ မျက်နှာကျက်မှာ တ၀ီဝီလည်လို့ ၊
အဆင်မပြေဘူး။
အဖြူရောင်တီရှပ်လေးပေါ်က ရှုံးနိမ့်မှုထဲ
အချစ်ဟာ ဟိုအရင်ခေတ်အဆက်ဆက်ကအတိုင်း၊
မကြည်ဖြူ ပေါ့။
ခင်ဗျားက မော်တော်ကားယဉ်ကျေးမှု
ကျုပ်က ထင်းရှူးပင်၊
လူသားနှစ်ဦးရဲ့ တွေ့ ဆုံ ယုံကြည်မှုခဏမှာ
ဘ၀ကို နေရောင်တွေပေကျံနေခဲ့တယ်။
အခု ဖိနပ်တွေအိမ်ပြန်သွားကြပြီ
မကြည်ဖြူ။
Wednesday, September 29, 2010
ဂုဏ်ယူတယ် ဂျိုး
ကျောက်မီးသွေးရထားကြီးစီးပြီး
မီးခိုးမှုန်တွေလို ခင်ဗျားထွက်သွားတဲ့နေ့ က
ဗာဒံသီးတွေ တဖွဲဖွဲကြွေကျခဲ့တယ်။
ခင်ဗျားဆံပင်တွေရဲ့ နေ့ စဉ်ဝင်ငွေက
လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ လူငယ်တွေပဲ ဂျိုး
ကျုပ်တို့ ကိုဘယ်သူမှ အစိုးမရနိုင်ဘူး။
လက်နဲ့ ကဗျာရေးသူ လူတစ်ရာထက်
ရင်ဘတ်နဲ့ ကဗျာရေးတဲ့ခင်ဗျားတစ်ယောက်ကို
ကျုပ် ပိုနှမြောတယ်။
အနုပညာနဲ့ ရိုးသားမှုမှာ
ခင်ဗျားက တရားနည်းလမ်းကျအောင်နိုင်သူ။
ခင်ဗျားက အပြိုင်အဆိုင်ကင်းတဲ့ ဂျင်းဘောင်းဘီ
မိုးဦးကျ လယ်သမား၊
လူပြက်။
ကဗျာလောကဟာ မွန်းတည့်ချိန်မှာ။
ခင်ဗျား ထွက်သွားတယ်၊
ကျုပ်လည်း မကြာပါဘူး။
ဂုဏ်ယူတယ် ဂျိုး
အောင်မြင်စွာ ဆုတ်ခွါသွားခြင်းပါ။
Sunday, September 26, 2010
ဆံပင်မညှပ်ပဲနေလို့ ကျနော့်ဆံပင်တွေ ရှည်လာတယ်
တနင်္ဂနွေကို ကျောပေးထိုင်နေတဲ့ ဓာတ်တိုင်
ညဟာ သူ့လက်သည်းခြေသည်းတွေကို ညှပ်ထားတယ် ။
ရုတ်တရက် ရီဝေမှိုင်တွေသွားခြင်းရဲ့ နောက်ကွယ်မှာ
ဖယောင်းတိုင်ဟာ တငွေ့ငွေ့၊
ဆံပင်မညှပ်ပဲနေလို့ ကျနော့်ဆံပင်တွေ ရှည်လာပြီ။
ဂျင်းဘောင်းဘီ၊ရော့ခ်သီချင်းတွေနဲ့
ပလက်ဖောင်းကို တံတွေးတစ်ချက်ထွေးပစ်ပြီးတဲ့နောက်
ရန်ကုန်မြစ်ကြီး အေးခဲသွားတယ်။
ဖွင့်ချလိုက်တဲ့ စိတ်ကြွရူးသွပ်ခြင်းမှာ
အမှတ်(၂) လမ်းမကြီးဟာ အတိုင်းသား ။
အဲဒီနေ့ကဆံပင်ဖြတ်လိုက်တယ်
ဆေးလိပ်ဖြတ်လိုက်တယ်
တစ်လက်စတည်း သံယောဇဉ်ပါဖြတ်လိုက်တယ် ။
Tuesday, September 14, 2010
လူငယ်ညနေခင်း
ရာသီဥတုက ဂျင်းဘောင်းဘီကို ခေါက်တင်ထားတယ်။
ညနေစောင်းစောင်းက လေအေးပေးစက်ထဲမှာအိပ်ပျော်လို့ ၊
ဖွင့်ထားတဲ့ ပြတင်းပေါက်ဟာ ကာရေဘီယံပင်လယ်ထဲမှာ၊
ဒီဘ၀ ကမ္ဘာမကျော်တော့မယ့် အတူတူ
တိမ်တွေကိုလက်နဲ့ ဆွဲယူပစ်လိုက်တယ်။
ကျွန်တော်ရယ်၊ကျွန်တော့်သူငယ်ချင်းတွေရယ်
လက်ဖက်ရည်ဆိုင်ပုပုရယ်၊ခွေးခြေပုပုတွေရယ်
နောက်၊ဂုဏ်သိက္ခာပုပုတွေ။
ဗီသိုဗင် အရပ်ဘယ်လောက်ရှည်သလဲ ကျွန်တော် မသိဘူး။
ယဉ်ကျေးမှု အခွံလွတ်တစ်လုံးလို။
ရေနွေးကြမ်းတစ်ခွက်ကို ကျွန်တော် မော့သောက်လိုက်တယ်။
လည်ချောင်းထဲကို ရော့ခ်သီချင်းတစ်ပုဒ်စီးဝင်သွားတယ်။
နေ၀င်တော့မယ် နပိုလီယံ။
လူငယ်တွေ ဘာလုပ်ကြမှာလဲ၊ဘယ်သွားကြမှာလဲ
ချေဂွေဗားရာဆိုတာ ဆရာဝန်ပညာတတ်၊
ပြီးတော့ ၊ တော်လှန်ရေးသမား။
ကျွန်တော့် ညာဘက်လက်မောင်းမှာ
ခေတ်ဟောင်းရုပ်ရှင်ကားတစ်ကား ရုံတင်ပြသတယ်။
အောင်ဆန်းရှိတယ်၊အာရှတိုက်ရှိတယ်
ခင်ဝမ်းရှိတယ်၊မောင်ချောနွယ်ရှိတယ်
ရထားပေါ်က သံယောဇဉ်တွေ ပစ်ချခဲ့။
အခု၊လူငယ်တွေ ဘတ်စ်ကားစီးပြီးခေတ်ကို မီအောင်လိုက်နေတယ်။
Sunday, September 5, 2010
ကျွန်တော့်သူငယ်ချင်းရယ်၊ကျွန်တော်ရယ်
ကျွန်တော့်သူငယ်ချင်းက ကြယ်မကြွေတဲ့ အရပ်ဆီ လမ်းလျှောက်တယ်
ကျွန်တော်က ဗန်ဂိုးကိုအားကျလို့ နားရွက်ဖြတ်ပစ်တယ်
ကျွန်တော့်သူငယ်ချင်းက ကျောက်သင်ပုန်းတစ်ချပ်လို ရယ်မောတဲ့အခါ
ကျွန်တော်က ဒုဌ၀တီမြစ်ကြီးကို မောင်းနှင်နေလိုက်တယ်
သံချောင်းခေါက်သံ ဆယ့်နှစ်ချက် ဆုံးသွားတော့
ကျွန်တော့်သူငယ်ချင်းဟာ ဖုန်းနံပါတ်လေးကိုခေါင်းအုံးအောက် ထိုးထည့်လိုက်တယ်
ကျွန်တော်တို့ အိပ်မက်ဟာ အီလက်ထရောနစ်ဖိနပ်တွေပေါ်မှာ
အီရတ်ကလေးငယ်တစ်ယောက်ရဲ့ ဘ၀အာမခံချက်၊
ယနေ့  မနက်စာက နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်၊
ဒေါ်လာဈေးကျလာတာနဲ့ အမျှ
ကျွန်တော့်သူငယ်ချင်းဟာ ခေါင်းတလားထဲ ၀င်အိပ်တယ်
ကျွန်တော့်သစ္စာတရားကတော့ ကျွန်တော့်ကိုထားပြီး ကားကြုံနဲ့ လိုက်သွားတယ်
ပင်လယ်ကဗွီးပင်လေးဟာ သေနတ်ပြောင်းဝကထွက်ကျလာတဲ့ မနက်ဖြန်ထဲမှာ၊
မီးခိုးရောင်ဝတ်စုံနဲ့ ဆောင်းရာသီအကြောင်း၊
သင်္ဘောဆေးတွေ၊အောင်မြင်ကျော်ကြားမှုတွေအကြောင်း၊
အန်နာကာရနီနာ ၀တ္ထုရှည်ကြီးအကြောင်း၊
ကျွန်တော့်သူငယ်ချင်းဟာ အမေရိကတိုက်ကို ရှာဖွေဖို့ ဆိုပြီး
ဖိနပ်မစီးဘဲ ပြောပြောဆိုဆိုနဲ့ ထွက်သွားတယ်၊
ကျွန်တော်က လွမ်းလွန်းလို့  ကျောက်စရစ်ခဲကို ခြေထောက်နဲ့ ကန်နေမိတယ်။
Thursday, August 26, 2010
အိပ်မက်ဟာ ပါရီမြို့ ကြီးဆီ ခရီးထွက်သွားခဲ့ပြီ
မျက်နှာကျက်က ပန်ကာအိုကြီးဟာ တ၀ီဝီလည်လို့ 
လူတွေက ကားမှတ်တိုင်မှာ တစ်စုံတစ်ရာကို ငေးမောစောင့်ဆိုင်း
ကျွန်တော့်စိတ်ဟာ လက်နှိပ်စက်ရိုက်သံတွေလို
အမှောင်ထဲကနေမိုက်မိုက်မဲမဲထွက်ပေါ်လာခဲ့တယ်။
ကျွန်တော့် သူငယ်ချင်းတွေ၊ကျွန်တော့်မိတ်ဆွေတွေ
သက်တမ်းရှည်အဆောက်အအုံဟောင်းတွေ၊ခိုအသေတွေ
အရာခပ်သိမ်းဟာ ဆေးလိပ်ငွေ့ လို မေ့လွယ်ပျောက်လွယ်၊
တစ်ချက်တစ်ချက် တိုးဝင်လာတဲ့ဂစ်တာသံသဲ့သဲ့က
နားစည်အမှေးပါးကို တဆစ်ဆစ်ကုတ်ဖဲ့
မော်တော်ကားတွေ တစ်စီးပြီးတစ်စီး၊
ကြွေကျလာတဲ့သစ်ရွက်ခြောက်တွေက မီးခိုးကျိန်စာတွေလို
ပြက္ခဒိန်အဟောင်း၊ပင်လယ်အဟောင်း၊မိုးရာသီအဟောင်း
ရထားဟာ ကာလတရားကို တရိပ်ရိပ်ဖြတ်ကျော်လာခဲ့ပြီ၊
လေပြင်းတစ်ချက်အဝေ့မှာ လွင့်ထွက်သွားတဲ့ကျွန်တော့်တည်ငြိမ်မှုက
လက်ဖျံရိုးထဲကို ကြမ္မာဆိုးတွေ ရိုက်သွင်းထည့်လိုက်တယ်၊
မဂ္ဂဇင်းစာမျက်နှာတွေ၊အပေါစားမိန်းမတွေ၊အောင်မြင်ကျော်ကြားမှုတွေ
မျက်နှာပြင်ပေါ်လိမ့်ဆင်းလာတဲ့ ချော်ရည်ပူတွေ
ညဟာ ကတ္တရာလမ်းမပေါ်ကို လှပသေသပ်စွာထိုးဆင်းသွားတယ်
ကျွန်တော့် တိတ်ဆိတ်မှုပေါ်မှာ လမ်းလျှောက်နေတာက အနက်ရောင်လူငယ်တစ်ယောက်၊
နာရီစင်အိုကြီး ဓာတ်တိုင်ထိပ်ဖျားမှာ ငြိနေခဲ့တယ်၊
"ငါ သိပ်အဆင်ပြေတာပေါ့ တည်ကြည်ခင်
နင်သိပါတယ်၊ ငါက အလိုလိုနေရင်းကို အဆင်ပြေနေတဲ့ကောင်"
အိပ်မက်ထဲမှာ နှင်းဆီပွင့်တွေ သွေးသံရဲရဲနဲ့ ပွင့်လို့ ၊
ရပ်(ပ်)သီချင်းတွေ၊နာရေးကြော်ငြာတွေ၊နောင်တနဲ့ မိုက်မဲမှုတွေ
ကျွန်တော့်ခန္ဓာကိုယ်ပေါ် ဒလဟောပြိုဆင်းလာတယ်
မိန်းမတစ်ယောက်အတွက်နဲ့ သေနတ်ချင်းယှဉ်ပစ်ခဲ့တဲ့
ကဗျာဆရာပွတ်ရှ်ကင်အကြောင်းကိုတွေးရင်း
နာနာကျည်းကျည်း အော်ရယ်ပစ်မိတယ်၊
သံဆူးကြိုးနဲ့ တူတဲ့စရိုက်ကကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်မိုက်လို့ ကောင်းတုန်း၊
"ငါ ဟိုကို ဧပရယ်လဆန်းပိုင်းလောက် သွားဖြစ်မယ်ထင်တယ်"
ဘာကိုမှ ဂရုမစိုက်ဘဲ ကျွန်တော် အခမ်းနားဆုံး ကျရှုံးခဲ့တယ်
ရွှေတိဂုံမြောက်ဘက်မုခ် ဓာတ်လှေကားထဲ၊
ငွေစက္ကူတွေ တစ်ရွက်ပြီးတစ်ရွက်၊
ဆီးနှင်းမိုးစက်တွေက တဖွဲဖွဲကျဆင်းလျက်၊
လက်နဲ့ စမ်းကြည့်မိလိုက်တဲ့ ကျွန်တော့်အသိစိတ်က
အေးစက်စိုစွတ်နေတဲ့ကတ္တရာလမ်းကို အကြိမ်ကြိမ်ဖြတ်ကူးလို့ ၊
"အစစ အရာရာ အဆင်ပြေပါစေ တည်ကြည်ခင်
ကျန်းမာရေးလည်း ဂရုစိုက်ပါ"
သေသပ်လှပစွာထွက်ခွါသွားတဲ့ဝေးကွာခြင်းက
မီးခိုးတွေ အူထွက်လာတယ်
ဟန်ဆောင်ဝတ်ဆင်ထားတဲ့ မာကျောခြင်းဟာ
ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းဖြစ်ကြောင်း  ကျွန်တော်သိခဲ့ရတယ်၊
ပင့်ကူမျှင်တွေ၊၀ါယာကြိုးတွေ၊လေထဲမှာ ပျံဝဲနေတဲ့ပြာမှုန်တွေ
နောက်ဆုံးတော့ အရာအားလုံးဟာ မီးသဂြိုဟ်စက်ထဲမှာ၊
မီးရထားတွေ တစ်စီးပြီင်္းတစ်စီး၊
လူတွေက တစ်ယောက်ပြီးတစ်ယောက်၊
ဒီလိုနဲ့  မာရီယာနာချောက်နက်ကြီးဟာ
သူ့ နက်ရှိုင်းမှုသူ ပြန်လည်တိုင်းတာလို့ နေခဲ့တယ်။
-နေ့ သစ်
အရာအားလုံးဟာ နူးညံ့ညင်သာစွာ လှပနေခဲ့တယ်။ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ ထပ်တူမကျတဲ့ဘ၀မှာ နှုတ်ခမ်းတွန့် ရုံလေး ပြုံးလိုက်ခြင်းအားဖြင့် ကျွန်တော်က ကိုယ့်ကိုယ်ကို နှစ်သိမ့်ကျေနပ်နိုင်ခဲ့ပါတယ်။ သီချင်းတစ်ပုဒ်ကို တိုးတိုးညည်းဖို့ ရန် လုံလောက်သော အကြောင်းပြချက် ရှိသင့်သည်ဟု ကျွန်တော်က ယူဆ၏။မလိုအပ်သော စကားလုံးများကို ပြုံးပြနှုတ်ဆက်လိုက်ခြင်းအားဖြင့် ထိုသူများကို ကျွန်တော် အရှုံးပေးလိုက်ပါသည်။ထိုနည်းဖြင့် ကြယ်တွေ ပြုံးနေကြောင်းကို ကျွန်တော် သတိပြုမိလာခဲ့သည်။ယုံကြည်ချက်နှင့် လွတ်လပ်ခွင့်အား ကျူးကျော်ဝင်ရောက်လာသော စကားလုံးများကို ပြတင်းတံခါးပိတ်၍ မတားဆီးတော့ပါ။ကြိုးကြာငှက်တွေ ပျံပုံက အလွန်လှပါသည်။ ဘ၀ဟာ တိုတောင်းလှကြောင်း ခင်ဗျားတို့ ကို သိစေချင်မိ၏။
-နေ့ သစ်(၁၆.၈.၂၀၁၀)
ဒီဘက်ခေတ် လူငယ်တစ်ယောက်ရဲ့ စိတ္တဇကိုအထူးပြုထားတဲ့ လူငယ်တစ်ယောက်ရဲ့ အချစ်အကြောင်းဖွဲ့ဆိုခြင်း ကဗျာတစ်ပုဒ်၊ဒီကဗျာထဲမှာ ... မာနကို ခုခံကာကွယ်ထားတဲ့ကဗျာဆရာရဲ့ အတ္တ နဲ့တစ်ဖက်ကလည်း အဲ့ဒီ့မာနကြောင့် ခံစားရတဲ့ကျဆုံးမှုတွေကို တုန်လှုပ်ပျံ့လွင့်ခံစားနေရတဲ့ကဗျာ။
-အောင်ပိုင်စိုး(၂၃.၈.၂၀၁၀)
Friday, August 20, 2010
ပြည်ပထွက်ခွါ
သောကြာနေ့ ဟာ
အနက်ရောင်မြင်းကြီးကိုစီးပြီး
မြို့ တော်ရဲ့ အဝေးကိုအပြီးပိုင် ထွက်ခွါသွားခဲ့ပြီ။
အဲဒီနေ့ က
ကျွန်တော် ဆံပင်ညှပ်လိုက်တယ်၊
သတင်းစာထဲမှာဖတ်စရာ ဘာမှပါမလာဘူး။
မျက်လုံးတွေရဲ့  စီးဆင်းပျော်ကျမှုက
နာရီလက်တံထိပ်ဖျားမှာ၊
လမ်းပေါ်မှာ နေကြာပန်းတွေ ပွင့်လို့ ။
စိတ်က
ညနေခင်းကိုဟင်းလင်းကြီးဖွင့်လျက်။
မင်းကိုငါ
နှုတ်ဆက်တယ်။
Thursday, August 19, 2010
မီးခိုးခေါင်းတိုင်များ
တစ်ယောက်တည်းထိုင်နေတဲ့
အဖြူရောင် ကတ်(ဒ်)ကိုဘိန်းကိုတွေ့ တယ်။
ကြေးနီရောင်မီးခိုးခေါင်းတိုင်တွေ
ဌာနေဟောင်းဆီပြန်ခဲ့ကြ၊
မြေကြီးနဲ့ တူတဲ့စိတ်ဓာတ်တွေ
စာရွက်အလွတ်ပေါ်က ပြန်ခဲ့ကြ။
စကားတွေအများကြီးမပြောခဲ့ဘူး။
အနက်ရောင် တီရှပ်ပေါ်က
ချေဂွေဗားရားအကြောင်း၊
စကားတွေအများကြီး မပြောခဲ့ဘူး။
ငါတို့ ၊လမ်းလျှောက်ငှက်များ
တမာပင်တန်းတွေကြားထဲ
ကော်ဖီအေးတွေနဲ့ ၊မြက်ဦးထုပ်တွေနဲ့ 
စပျစ်သီးတွေနဲ့ ၊အပျော်တွေ၊အပျက်တွေနဲ့ ။
ခေတ်ဟာ
မီးငြိမ်းတောင်လို၊အပ်ချည်ကြိုးတွေလို၊နှလုံးသားတစ်စုံလို၊
ငါတို့ ကိုသိမ်းသွင်း
တန်ဆောင်မုန်းည လမ်းနက်နက်တွေထဲ
ဆင်းလာခဲ့ပြီ။
Monday, August 9, 2010
အဲ့ဒီလိုမျိုး ကျွန်တော် မိုက်မိုက်ရိုင်းရိုင်း ကျိုးနွံခဲ့တာပါ
ကျွန်တော့်အိပ်ကပ်ထဲက ထွက်ကျလာတာ
ဆေးရုံအိုကြီးရဲ့ ဆွဲဆွဲငင်ငင်ငိုသံ၊
အမြတ်တနိုး ရှိုက်ယူလိုက်တဲ့ ကျွန်တော့်မိုက်မဲမှုက
သောကြာကြယ်လို၊အတိတ်ခါးခါးလမ်းကြိုကြားတွေလို၊
မြင်းဇောင်းထဲက ကျွန်တော် ထွက်လာခဲ့တယ်။
တလှိုက်လှိုက်ဆို့ တက်လာတဲ့ ခံပြင်းမှုတွေက
ခြေသံတရှပ်ရှပ်၊
အဲ့ဒီလွင်ပြင်မှာ ဘာပင်မှ မစိုက်ခဲ့ဘူး။
ဝေးကွာခြင်းက
မမြင်ရတဲ့နေရာမှာ
ကျောက်ဆူးကြိုးချလို့ ။
ကျွန်တော်က
ဘယ်သူ့ အကူအညီမှမယူဘဲ
သဲထဲ ရေသွန်တယ်။
မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ ထဲမှာ
ဘ၀အကြောင်း စာတစ်ကြောင်းမှပါမလာဘူး။
အဲ့ဒီလိုမျိုး
ကျွန်တော် မိုက်မိုက်ရိုင်းရိုင်း ကျိုးနွံခဲ့ဖူးတယ်။
Sunday, August 1, 2010
မီးခိုး
နံရံပေါ်က သင်္ဘောဆေးတွေ
အဖတ်လိုက်ကွာကျလာတဲ့အထိ
ကျွန်တော့်ကိုက်ခဲမှုက ချွေးသံတရွှဲရွှဲ။
ငါးတစ်ကောင်လို ရေကူးကျွမ်းကျင်မှု၊
မနေ့ ကမပြီးခဲ့တဲ့ အိမ်စာတွေ၊
ခေါင်းပေါ်ကနေ လင်းနို့ တစ်ကောင် ဖြတ်ပျံသွားတယ်၊
ဘာသံမှ မကြားရဘူး။
မကျေလည်မှုတွေက
လက်သည်းရှည်လို့ ၊
ကျွန်တော်ကလည်း ဆံပင်တွေရှည်လို့ ။
Friday, July 23, 2010
အစိမ်းရောင်မြစ်
အခုရွာနေတာ
ဝါဆိုလရဲ့ နောက်ဆုံးမိုးပဲ
လူတွေ လာလမ်းအတိုင်းပြန်ကြပြီ
မီးလည်း ငြိမ်းပြီ။
ဝူးခနဲဖြတ်မောင်းသွားတဲ့ ယဉ်ကျေးမှုကနေ
အသည်းကွဲနေတဲ့ အရိုးစုတစ်ခုရတယ်။
အဲဒါ လိမ္မော်သီးခွံတွေနဲ့  ခြေလှမ်းလှလှလေးတွေ၊
မျက်ရည်ရွှဲလဲနဲ့ ကြွက်တစ်ကောင်က
ညနေခင်းကို တဂျစ်ဂျစ်ကုတ်ဖဲ့လို့ ။
မင်းမသိခဲ့တဲ့
ဖယောင်းတိုင်ညရဲ့ ခေတ်ဟောင်းရုပ်ရှင်ထဲ
ငါနဲ့ မြရာပင်ကြီး အိပ်မက်ချင်းလဲခဲ့ကြတယ်။
အခု
ငါ့အိပ်ခန်းမျက်နှာကျက်ကနေ
စွယ်တော်ရွက်တွေ တဖွဲဖွဲကြွေနေပြီ။
Wednesday, July 21, 2010
ကျွန်တော်နှင့်ထနောင်းပင်များ-၂
 ကျွန်တော်နှင့်ထနောင်းပင်များ-၂
ကျွန်တော်တော့ အဖြူရောင်ဇုံလို့ ထင်ခဲ့တာပဲ
ခင်ဗျားတို့ မသိလိုက်တဲ့အမည်နာမတစ်ခုမှာ
ရန်ကုန်ဟာ မှတ်၊ခြင်၊ယင်တွေ အုံခဲလို့ 
အနက်ရောင်သွေးတွေ စက်စက်ကျလို့ ၊
မှောင်မိုက်လွန်းတဲ့ညကြီးတွေ တရေးနိုးထလမ်းလျှောက်ကြတဲ့အခါ
သူ့ ခမျာ ဖြူလျော်လျော်နှုတ်ခမ်းတွေနဲ့ ၊
“ ကျန်းမာပါစ ရန်ကုန်”
မိန်းမလှလေးတွေရဲ့  ရယ်သံတွေ၊
သူဖုန်းစားတွေ၊တောင်းရမ်းသံတွေ၊ယဉ်ကျေးမှုအညစ်အထည်တွေ
တအီအီညည်းနေတဲ့ ခိုတွေရဲ့ ဆာလောင်မှုက
လူသေတရားစီရင်ခန်းလို
မှတ်တိုင်ညိုညိုတွေကြားထဲ
ကားဟွန်းသံတွေ တလူလူလွင့်လို့ ။
ကျွန်တော့်လွယ်အိတ်ထဲမှာ
အိမ်မြောင်တွေရဲ့  ငွေကြေးချို့ တဲ့မှုအတွက်
လှုပ်နေတဲ့ ငလျင်တွေ၊
ပေါက်ကွဲနေတဲ့ မီးတောင်တွေ၊
သူတို့  ဘာကို လိုချင်တာလဲ
သူတို့  ဘာလို့ လိုချင်တာလဲ
စီးပွါးရေးပျက်ကပ်ဆိုက်နေတဲ့ စိတ်ယဉ်ကျေးမှုနဲ့ 
သူတို့ ရှာဖွေနေတဲ့ ခန္ဓာဗေဒ၊
မိုးတွေ သည်းကြီးမည်းကြီးရွာချတဲ့တစ်ည
အဲ့ဒီတနင်္ဂနွေနေ့ မှာပဲ
လေယာဉ်ပျံကြီး နှုတ်ဆက်ထွက်ခွာသွားခဲ့တယ်။
မာနတရားရဲ့ နာကျင်မှုက မီးခဲရဲရဲတွေကို ကိုင်လို့ ၊
ပုံပြင်ထဲက ပလတ်စတစ်ညှော်နံ့ တွေနဲ့ မြို့ ကြီးပဲ၊
ရှပ်အင်္ကျီအဖြူကို လာရောက်တွယ်ကပ်တဲ့
ကားမီးခိုးတွေ၊ရယ်သံလွင်လွင်လေးတွေ၊ဆံပင်ဖြောင့်ဖြောင့်လေးတွေ၊
ကျွန်တော့်စိတ်ရဲ့ ခါရမ်းမှုက
ယဉ်ကျေးမှုပေါင်းစုံကျောက်ချထားတဲ့ ပထ၀ီမြေကြီး၊
အစာအိမ်တလျှောက် ပျို့ တက်လာတဲ့ နာကျည်းမှုတွေနဲ့ 
လူငယ်ရဲ့ တစ်ကိုယ်ရေညများ၊
ကောင်းဘွိုင်ဇာတ်ကားထဲကလို
သေနတ်သံတွေ တဒိုင်းဒိုင်းကြဲချ
ဒါ ဘ၀ပဲလို့  ... ဆူးလေလမ်းမကြီးကို အော်ပြောလိုက်တယ်။
ညာဘက်သွေးလွှတ်ခန်းထဲမှာ
အပေါစားဝတ္ထုဇာတ်လမ်းတွေ၊
အောင်မြင်မှုခေါင်းစဉ်တပ်မထားတဲ့ ကားမှတ်တိုင်တွေ၊
မဟုတ်ဘူး
ဒါ ကျွန်တော့်နယ်မြို့ လေးမဟုတ်ဘူး။
မီးခြစ်ဆံတွေ အလှဆင်ထားတဲ့ခေါင်းတလားကြီးထဲက
ကားမီးခိုးတွေရဲ့ နာနာကျင်ကျင်အော်သံမှာ
မင့်ဆံပင်လေး တစ်ချက်ဝဲခနဲဖြစ်သွားသလား
ငါ့အတွက် ဒါ တရားပါတယ်ကွယ်၊
ခိုသားစားကြတဲ့ လူမဲကြီးတွေရဲ့ မီးပုံပွဲမှာတော့
မြွေတွေ အရေခွံလဲကြတယ်။
တကယ်တော့
ကိုယ့်ကိုယ်ကို ပြန်ဝယ်ရတာ ဘယ်လောက်ဈေးကြီးမှန်း
ခင်ဗျားတို့ မသိကြဘူး။
ပင့်ကူယှက်ခံလိုက်ရတဲ့ အိမ်မက်အကောင်းစားတစ်ခုနဲ့ 
ကျွန်တော် အိမ်ပြန်ရဦးမယ်
အခုချိန်ဆို သဲပုံစေတီပွဲတော်
မုန့် ဆီကြော်တွေနဲ့  သူတို့ လေးတွေ ပျော်နေမှာပဲ။
နီယွန်မီးပွင့်တွေရဲ့ အဆိပ်တက်မှုနှုန်းက
အသက်ရှူလမ်းကြောင်းကို တဆစ်ဆစ်ကုတ်ဖဲ့
မျက်ရည်လဲ့နေတဲ့ မနက်ခင်းတွေပဲ အစားပြန်ရတယ်။
ဒါဟာ မင်းပစ်ချပေးခဲ့တာတွေပေါ့ တည်ကြည်ခင်
ထနောင်းရွက်တွေ မိုးထားတဲ့
မာနထန်ထန်တွေရဲ့ အသုဘည
ရန်ကုန်မြို့ ကြီးထဲမှာ တစ္ဆေတွေကကြခုန်ကြလို့ ။
မြွေဆိပ်သင့်နေတဲ့ နေ့ လည်ခင်းတစ်ခုထဲမှာ
စိတ်နဲ့ ခန္ဓာကိုယ်ကို စကားလေးတစ်ခွန်းနဲ့ လောင်းကြေးထပ်ပြီးပြီပဲ
ငါ့အတွက် နားခိုစရာ ဇရပ်မလိုတော့ဘူး။
ငွေကြေးနဲ့ ဝယ်ယူထားတဲ့ သစ္စာတရားရဲ့ လက်မှာ
ဓားတစ်စင်းက ငါ့လည်မြိုကိုစိုက်ဝင်
ငါ့ကို ဘယ်သူမှမမြင်ကြဘူး။
မရောက်ဖူးခဲ့တဲ့ နိဗ္ဗာန်ဘုံရဲ့ ကမ္ဗလာမွေ့ ယာပေါ်
သူတို့ ပြောနေကြတဲ့စကားတွေ
အဆိပ်ပင်လို၊နေလို၊ဓာတ်ငွေ့ ပူတွေလို၊
လူတစ်ယောက်ကို ပြာကျသွားစေနိုင်လောက်တဲ့
လက်နက်ဆန်းတွေ။
စူးရှရှအန္တရာယ်နံ့ တွေနဲ့ သားရဲတွေကျက်စားတဲ့ကမ္ဘာကြီးမှာ
ကျွန်တော် ထီးပျောက်ခဲ့တဲ့ ညနေတွေပေါ့၊
တည်ကြည်ခင်ရေ ... မင်းမသိခဲ့ဘူး
အညိုရောင်ဖိုင်လေးတစ်ခုရဲ့ အဆုံးစီရင်မှုမှာ
ကြယ်တွေ ဘယ်လောက်ကြွေကျခဲ့ကြောင်း၊
မင်း မသိခဲ့ပါဘူး။
ကန္တာရဆူးပင်တွေ၊ဒီရေတောတွေနဲ့ 
အငွေ့ တလူလူထွက်နေတဲ့ ပျော့ညံ့ညံ့မိန်းမတွေ
သင်္ချိုင်းဂူအဟောင်းထဲက
နတ်သမီးယောင်ဆောင် မှောင်ရိပ်တွေကြား
ငါ ဘယ်လောက်တောင်ရိုင်းစိုင်းခဲ့သလဲ
ငါ ဘယ်လာက်တောင် ရိုင်းစိုင်းခဲ့ပါသလဲ။
-နေ့သစ်-
Wednesday, July 14, 2010
ကျွန်တော်နှင့်ထနောင်းပင်များ-၁
ချည်စောင်အဟောင်းအနွမ်းတစ်ထည်ကို ခြုံပြီး
ရေမြင်းပါးစပ်ထဲမဆင်းမီ တစ်ညအလိုက
နောက်ဆုံးဆေးတစ်ခွက် သောက်မသွားဘဲ
တိုက်ပွဲထဲ အမေကျခဲ့တယ်။
ကျွန်တော့်လက်မှာ
ခြောက်တန်းမြန်မာဖတ်စာအုပ်လေးရယ်၊
မြင်းခွာသံတွေရယ်၊
သူတို့ ပြောနေကြတဲ့စကားထဲ
ကျီးကန်းမဲမဲတွေကိုပဲ မြင်ရတယ်။
အမြှုပ်တစီစီထနေတဲ့ မီးခိုးမြူတွေ
အိပ်မက်အပြည်ထည့်ထားတဲ့ လွယ်အိတ်တစ်လုံးနဲ့ 
လောကငရဲကနေ ကိုယ့်ကိုယ်ကို ရွေးယူဖို့ 
မတတ်နိုင်ခဲ့ဘူး။
အဲဒီတုန်းက
လက်ပံပွင့်နီနီတွေကြားထဲ
ကျွန်တော့်ကို နှုတ်မဆက်ဘဲ
အမေ ထွက်သွားခဲ့သလို
ဘယ်သူ့ ကိုမှ နှုတ်မဆက်ဘဲ
ကျွန်တော် ထွက်လာခဲ့လိုက်တယ်။
ရက်စွဲကိုတွေကို အစိမ်းလိုက်စားဖို့ ကြံနေတဲ့ လူမိုက်၊
အရိုးခိုက်အောင်နာလှတဲ့ မော်တော်ကားသံနဲ့ 
ထနောင်းပင်တွေလို၊မိုးတိမ်လို၊
ဂျင်းဦးထုပ်အပြာလေးလို၊
ဘ၀ကို
ကားလက်မှတ်တစ်စောင်နဲ့ လောင်းကြေးထပ်ပြီး
မင်းကိုငါ အပြီးပိုင်နှုတ်ဆက်တယ်လို့ 
“အဖေ ကျန်းမာရေးဂရုစိုက်ပါ
အရက်တွေလည်း သိပ်မသောက်နဲ့ ”
သံချေးတက်နေတဲ့ မောင်မြန်မာ စက်ဘီးလေးကိုကြည့်ပြီး
ကောင်းကင်ပြာပြာကြီးကို ဖြဲပစ်လိုက်မိတယ်၊
မိုးစက်ကြမ်းကြမ်းတွေ ရွာချ၊
အစာရှာမရတဲ့ ငှက်တို့ အိမ်ပြန်ချိန်
အဖေရယ်၊အမေရယ်၊ကျွန်တော်ရယ်၊
လေတဖြူးဖြူးနဲ့ ထန်းတောကြီးရယ်၊
သက်ကယ်မိုးထရံကာအိမ်လေးက
ပြတင်းတံခါးတွေ ပွင့်လို့ ၊
သူတို့ စကားတွေထဲ
Wednesday, July 7, 2010
အသည်းကွဲတယ်ဆိုတာ ဂျိုနဲ့ လား အမေ
အဲ့ဒီနေ့ က
ဓားသွားနဲ့ တူတဲ့ ပန်ကာဒလက်တွေရဲ့
ဥသြဆွဲသံထဲ
သူမ ပျော်ပွဲစားထွက်သွားခဲ့တယ်။
လက်ဖျံရိုးတစ်လျှောက်
တိုးလျှိုပေါက်လှိုက်စားနေတဲ့ သံယောဇဉ်ထူထူမှာ
ကျွန်တော်ဟာ ကျည်ကာအင်္ကျီမပါတဲ့
လေထီးစစ်သား၊
သွေးနွေးသလောက်
အကျအပျောက်ခပ်များများရယ်။
ကြည်နူးစရာကောင်းလှတဲ့
လျှပ်တ၀င်းဝင်း
မိုးကြိုးတခြိမ်းခြိမ်းနဲ့ 
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်
နှုတ်ထွက်စာတင်ခဲ့ကြတယ်။
ဘယ်လောက်ကြည်နူးစရာကောင်းလိုက်တဲ့
လမ်းခွဲလေးလဲ အမေရယ်
သူကလည်း ပန်းတစ်ပွင့်ပန်လို့ ၊
ပြုံးလို့ ၊ရွှင်လို့ ၊
အမေ့သားကလည်း
ထုံးစံအတိုင်း နှုတ်ခမ်းတွန့် တယ်ဆိုရုံလေး ခပ်ဟဟရယ်လို့ ။
အခုဆို
လူငယ်တစ်ယောက်ရဲ့
ဖိနပ်ပြတ်ဝေါဟာရထဲမှာ
လက်ဖက်ခြောက်ကောင်းကောင်းမပါတော့ဘူး။
အခုဆို
နှုတ်ခမ်းဆိုးဆေးရဲရဲနဲ့ 
ညနေခင်းအဟောင်းတွေ
ဝိုင်ယာကြိုးလို တထောင်းထောင်းပြတ်ကျ။
အခုဆို
အရင်လို
အငှားကားတွေ ဈေးပိုတောင်းကြတုန်းပဲ။
ဆံပင်ဖြောင့်ဖြောင့်လေးတွေနဲ့ 
သရဲရထားစီးခဲ့တဲ့နေ့ ကလောက်
သတိရစရာကောင်းတာ
ဘ၀မှာ ရှိမယ်မထင်ဘူး။
ပြီးခဲ့တဲ့ ဘွဲ့ ရပညာတတ်ခေတ်တစ်ခေတ်အလယ်
သူရယ်၊ကျွန်တော်ရယ်
ဆွဲခြင်းအပြာလေးရယ်၊
ခြေသံတွေ တရှပ်ရှပ်နဲ့ ။
အဲ့ဒီနေ့ က
ဓားသွားနဲ့ တူတဲ့ ပန်ကာဒလက်တွေရဲ့
ဥသြဆွဲသံထဲ
သူမ ပျော်ပွဲစားထွက်သွားခဲ့တယ်။
အသည်းကွဲတယ်ဆိုတာ
ဂျိုနဲ့ လား
အမေ။
Monday, July 5, 2010
သူမက ပန်းတစ်ပွင့် ပန်ထားတယ် ကျွန်တော့်မှာ ရာသီဥတု ဖောက်ပြန်နေတယ်
မိုးမိထားတဲ့ အိပ်မက်တွေလောက် လှတာ
လောကမှာ ရှိမယ် မထင်ဘူး ။
ခပ်နွမ်းနွမ်းပြုံးနေတဲ့ ကားမှတ်တိုင်လေးမှာ
ရပ်နေတဲ့ အဖာအထေးများနဲ့ လူ
တစ်ယောက်သောသူဆီ မျက်နှာမူနေတယ် ။
ဘ၀ရဲ့ မကျေလည်မှု ဆိုတာ
ရေစက်လက် ကျနေတဲ့ ထီးတစ်လက် ၊
ဗင်ကား အဖြူလေးက မျက်ရည်တွေကို တက်ကြိတ်သွားတယ် ။
မြို့တော်ရဲ့ ရေကြီးမှု သတင်းထဲမှာ
ထင်းခုတ်သွားတဲ့အဖေ ပြန်မလာသေးဘူး ။
မမြင်ဖူးလိုက်တဲ့ တနင်္ဂနွေ မိုးသည်းသည်းဟာ
ဧည့်ခန်းစားပွဲအောက်က ခြင်ဆေးခွေလို
တငွေ့ငွေ့ လောင်မြိုက်လို့ ။
ခပ်ဆွေးဆွေး ငေး ရင်း ။
ဗာဒံပင်ရိပ်မှာ
နေလုံးကြီးကို လက်နဲ့ ချေပစ်လိုက်တယ် ။
သောကြာနေ့အချို့ သေဆုံးကုန်ပြီပဲ ။
စက္ကူငှက်ကလေးနဲ့ ဘေးချင်းကပ်ထိုင်ပြီး
မင်ရည်ကျဲကျဲ ဘောပင်တစ်ချောင်းကို
ချစ်သူ့လက်အလား ဆုပ်ကိုင်ထားမိတဲ့ လူငယ်
ဘယ်ဆီဘယ်ဝယ် မသိတဲ့ အိပ်မက်တွေ
ရောင်းတယ် ၊ ၀ယ်တယ် ။
လေအေးပေးစက်တွေနဲ့ ညနေခင်းကတော့
မာယာပြာပြာတွေနဲ့ လှလို့ ပလို့ ။
ပါရီမြို့ ၊ အီဖယ်လ်မျှော်စင်
ငွေရေးကြေးရေး ကမ်းခြေ ၊ ထွေရာလေးပါး ညမနက်စာ
ဆေးမင်ကြောင်ထိုးထားတဲ့ နှင်းဆီပန်းနဲ့
မှတ်စုစာအုပ် နောက်ဆုံးမျက်နှာက မိန်းကလေး ။
ထီလှည်းလေးဆီက လွင့်လာတဲ့ သီချင်းသံဟာ
ဝါကြန့်ကြန့် လျှပ်စစ်မီးသီးကို လာရောက် တိုက်ခိုက်
အသည်းကွဲလူမိုက်တို့ အိမ်ယာ
ညအိပ်တေးမရှိတဲ့ မြေကမ္ဘာ ။
သူမက ပန်းတစ်ပွင့် ပန်ထားတယ်
ကျွန်တော့်မှာ ရာသီဥတု ဖောက်ပြန်နေတယ် ။
အိပ်မပျော်သေးတဲ့ သံချောင်းခေါက်သံအချို့ရယ်
မာနနဲ့ စိမ်ပြေးတမ်း ကစားနေတဲ့ ကြွက်တွေရယ်
အကောင်းစား စက္ကူနဲ့ လေယာဉ်လက်မှတ်ရယ် ။ ။
“ခြစ်ရာ ၁ ၂ ၃ ၄ .... စသည်ဖြင့်” မှ
Wednesday, June 30, 2010
ငါ အခု မိုးရွာထဲလမ်းမလျှောက်တော့ဘူး အကြည်
(၁)
ဂင်္ဂါမြစ်ဝှမ်းကသဲပွင့်တွေ
ဘယ်၍ ဘယ်မျှ ငိုကြွေးခဲ့ရသလဲ
ငါမသိသလို၊မင်းလည်း သိနိုင်မှာ မဟုတ်ဘူး။
အရှိန်ပြင်းပြင်းမောင်းသွားတဲ့
မော်တော်ကားတွေကို
ပြုံးပြနှုတ်ဆက်၊
ဘယ်တော့မှ မျက်ရည်မထွက်တဲ့ ကတ္တရာလမ်းဆိုတာ
သူ့ ရင်ဘတ်သူ ခွဲပြထားတဲ့
အီဂျစ်ပြက္ခဒိန်ထဲက ရက်စွဲတွေပေါ့။
ငါ့ကိုယ်ငါ မေ့လျော့ထားပါတယ် အကြည်
အိုင်းရစ်ပြဇာတ်ဆရာကြီး ဘားနဒ်ရှောရယ်၊
အထီကျန်လွန်းလှတဲ့ သံလျင်တံတားကြီးရယ်၊
ဘာရယ်၊ညာရယ် မဟုတ်ပါဘူး
ငါ မေ့လျော့ထားပါတယ်။
ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ မိုးရာသီကြီးကတော့
မနက်ခြောက်နာရီမထိုးခင်
မိုးစင်စင်လင်းနေတတ်ပြီ။
ခေါင်းအုံးအောက်က နှိုက်ယူခံလိုက်ရတဲ့ ရက်စွဲလေးခမျာ
မနက်ဖြန်ခါတိုင်းမှာ
ဆောင်းစရာ ထီး မရှိရှာဘူး။
ဆက်ဆံရေးမကောင်းလှတဲ့ စားပွဲထိုးလေးတွေရှိတဲ့
ညလုံးပေါက် လက်ဖက်ရည်ဆိုင်လေးထဲမှာ
ငါရယ်
ငါ့အစ်ကိုတွေရယ်
သုံးပြီးသား တစ်ရှူးအပေါစားတွေရယ်၊
ပျော်အောင်နေပါတယ် အကြည်
ငါ့ကိုယ်ငါ ပျော်အောင် နေပါတယ်
အခုဆို
အော်စကာဝိုင်းလ်(ဒ်)ရဲ့ အယူအဆတွေကိုလည်း
ဆန့် ကျင်ဘက်အမြင်နဲ့  ငါမတွေးတော့ဘူး။
နေ့ စဉ်ထုတ်သတင်းစာတွေနဲ့ 
မနက်စာမစားဖြစ်တဲ့ နေ့ တွေများလှပြီ၊
ယနေ့ ဒေါ်လာဈေးအတက်အကျမှာ
လက်ဖက်ကောင်းစားချင်လို့ 
တောင်တက်နှေးခဲ့တဲ့ပလောင်လေ၊
ရုရှားကပြန်လာမယ့် ငါ့အစ်ကိုကြီးတစ်ယောက်မေးတဲ့အခါ
ငါ ဘယ်လိုဖြေရပါ့မလဲ။
အနာဂတ်ဆိုတာ
အသားမဲမဲ ကောင်းကင်ကြီးလိုပဲ
သူပြောတာတွေ ငါမကြားရ၊
ငါပြောတာတွေ သူမကြားရ၊
လူငယ်ဘ၀၊
ပြာချထားတဲ့ ကောင်းကင်အစအနတွေနဲ့ 
ရှာလို့ မရတဲ့အဖြေတွေ အများကြီး။
ငါ အခု မိုးရွာထဲလမ်းမလျှောက်တော့ဘူး အကြည်
ဆံပင်တွေ ရှည်လာလို့ 
ဖိနပ်ခဏခဏပြတ်လို့ 
ပြီးတော့ မိုးရေထဲမှာ
ငါ့ကိုယ်ငါ ပြန်ရှာ မရလို့ ။
ရန်ကုန်မြို့ မီးပွိုင့်တွေက နီလို့ နေတုန်း
ထိခြင်းငါးပါးမရှိတဲ့ ဘုရားဝတ်ပြုမှုတွေထဲ
လေယာဉ်ပျံကြီးစီးပြီး သူသွားဦးမယ်။
ပါသီနွန်ဘုရားကျောင်းကြီးထဲ၊
လူသားစက်ရုပ်တွေ နေထိုင်ကြတဲ့ ကမ်းခြေအတုထဲ၊
နောက်ဆုံးပေါ် အီလက်ထရောနစ်ပစ္စည်းအသစ်တွေထဲ၊
အနာဂတ်ကို ကိုင်ဆွဲပြီး ခပ်ရဲရဲနေပါ
.......................................
ခပ်ရဲရဲလေးနေပါ အကြည်။
ဘ၀ရှင်သန်ခြင်းတရားမှာ
ဈာပနအဖြူရောင်နဲ့ 
ငါရေးတဲ့ ပန်းချီက
နင့်အလှကို
ဘယ်မီပါ့မလဲ၊
အသည်းကွဲတယ်ဆိုတာ
မိုးသည်းသည်းမဲမဲရွာခဲ့တဲ့ သာမန်သောကြာနေ့ တစ်နေပေါ့။
“ညအချိန် ကဖေးဆိုင်စာမျက်နှာ” ဆိုတဲ့
အရင်လိုပဲ
အရောင်အဆင်း ခပ်မွဲမွဲနဲ့ 
ငါ ထိုင်နေပါဦးမယ်။
ညတရေးနိုးနေတဲ့ လမ်းမကြီးကတော့
ကောက်ရိုးပုံထဲက အပ်ပျောက်ကို
ရှာလို့ 
ဇာဘုရင်အလက်ဇန်းဒါးနဲ့ 
ပိုလီယံတို့ တိုက်တဲ့ စစ်ပွဲကို
တော်စတွိုင်းလ်က ကမ္ဘာကျော်ဝတ္ထုရှည်ကြီးဖြစ်အောင် ရေးခဲ့သတဲ့
ငါနဲ့  ငါ့မာနတရား စစ်ခင်းကြတာကိုရော
အဘယ်ပညာရှိက၊ဘယ်ပုံဘယ်နည်း မှတ်တမ်းတင်ထားလိမ့်မလဲ
အို ... ငါ့ကိုယ်ငါပဲ
ကူးသန်းရောင်းဝယ်လိုက်ပါတော့မယ်။
(၂)
“အစ်ကိုရေ
ကျွန်တော့်ဖို့ 
ပဲပြုတ်နဲ့ နံပြားမှာပေးပါ”
ကယောင်ခြောက်ခြားအိပ်မက်ထဲ
ခြင်ဆေးခွေထွန်းထားရတာ
အဆင်မပြေလှဘူး။
ကျွန်တော် ဖုန်းခေါ်တဲ့အခါ
သူမကိုင်ရင်လည်း
ရှိ ... စေ ... တော့။
ကျွန်ဆော့်ဆီက အရာအားလုံးကို
သူ၊မကြားနိုင်စေ
ကြားသော်လည်း မသိနိုင်စေ
သိသော်လည်း မမြင်နိုင်စေ
မြင်သော်လည်း မတွေ့ နိုင်ပါစေ။
မနက်ဖြန်
ဘုရားသွားရအောင် အစ်ကို
ကျွန်တော့်မှာ
ဆုတောင်းစရာတွေ ရှိနေတယ်။
ကိုယ့်ကိုယ်ကို ရှက်နေတတ်တဲ့
မျက်ရည်စက်တစ်စက်အကြောင်း၊
မထိုးဖြစ်ခဲ့တဲ့ ရင်ပြင်ပေါ်က
ကြေးခေါင်းလောင်းကြီးအကြောင်း၊
ပေတစ်ရာလမ်းမပေါ်က
လေယာဉ်မှူးတစ်ယောက်အကြောင်း၊
ကျွန်တော် ဆုတောင်းရပါဦးမယ်။
လူငယ်ပါ အစ်ကို
တည်ငြိမ်နေပါ့မယ်
တက်ကြွနေပါ့မယ်
မပြောဖြစ်ခဲ့တဲ့ဘာသာစကားတွေ ထမ်းပိုးရင်းနဲ့ ပေါ့။
(၃)
ငါ့ဦးခေါင်းပေါ်က
နေရောင်ခြည်စွမ်းအင်ရေ
နေပါစေတော့။
လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့
လူငယ်မိုးတိမ်တွေလည်း
သွားလိုရာသွားစေတော့။
လူ့ ဘ၀ဆိုတာ
လမ်းမလျှောက်တတ်တဲ့
ထနောင်းပင်တွေလိုပဲ။
မိုးထဲလေထဲ
ငါအခု လမ်းမလျှောက်တော့ဘူး။
ဒါနဲ့ 
စကားမစပ်
နင့်ကိုငါ သိပ်ချစ်တယ် အကြည်။
-နေ့ သစ်
Monday, June 28, 2010
လင်းပွင့်လက်များ၏ “ ခြစ်ရာ ၁ ၂ ၃ ၄ .... စသည်ဖြင့် ” ထွက်ရှိတော့မည်
လင်းပွင့်လက်များ၏ ပထမဆုံးစာအုပ်
“ ခြစ်ရာ ၁ ၂ ၃ ၄ .... စသည်ဖြင့်”
ဇူလိုင်လ ၁ ရက်နေ့ တွင် ထွက်ရှိပါမည်။
ထိုစာအုပ်တွင် လင်းပွင့်လက်များ၏ ကဗျာအပုဒ်(၂၀)နှင့် ၀တ္ထုတို(၁)ပုဒ် ပါဝင်မည်ဖြစ်သည်။
အကြိုခံစားဖေါ်ပြလိုက်ပါသည်။
ငါတို့ ကမ္ဘာကြီးဟာ ရီဆိုဒ်ကယ်လ် လုပ်ထားတဲ့ နှလုံးသားတွေနဲ့ လည်ပတ်လို့
ငါတို့ဟာ ကမ္ဘာကြီးရဲ့ အစွန့်ပစ်ခံပစ္စည်းတွေ ဖြစ်တယ် ။
ငါတို့ဟာ မူရင်းအသံထွက်အတိုင်း မရှိတော့ဘူး ဂျင်မီ ။
ဘုရားသခင်ဟာ ငါတို့အတွက် ကံကြမ္မာဆိုးတွေကိုသာ လက်သိပ်ထိုးပေးခဲ့တယ် ။
စာလုံးပေါင်းသတ်ပုံ မမှန်တဲ့ အနက်ရောင်သမ္မာကျမ်းစာတစ်စောင်ထဲက
လူရွှင်တော်တွေ ခုန်ပေါက်ပြေးထွက်လာခဲ့တယ် ။ (အဲရာဝေ)
`သွေး´ နည်းလို့မဖြစ်ဘူး ဂျိုး
တောင်ယာခုတ်တဲ့ဓါးကိုသွေးထားပါ
လက်မောင်းကသတ္တိကို နှလုံးသားထဲ ဆွဲသွင်းထားပါ
ကမ္ဘာပြုမိုးဟာ ရွာတော့မှာပါ။ (ကြယ်ပန်းလူ)
ဒီလထဲကတစ်ရက်ရက်
တံခါးရွက်ပေါ်က မျက်နှာတစ်ခက်ဟာ
စာတိုက်ကနေ စိတ်တစ်အုပ်ကိုပို့လိုက်တယ်
အရေပြားယားယံခြင်းနဲ့ လူမှုရေးဈေးထဲမှာ
ဦးခေါင်းတွေကြားက
တစ်ရက်ရက်ကိုကြွက်ဟာ အလောတကြီးလိုက်ရှာနေတယ်။ (နီလေး)
။ ၁ ။
ဗျစ်ပန်းတစ်ထပ်နဲ့ ငါက
ဝိုင်နံ့ သင်းချင်နေတဲ့ကောင်
မှန်နေတဲ့ စကားမို့ ထင့်
ဒီစီးကရက်ကခါးလိုက်တာ
ဟုတ်တယ် ငါကသုည
အဲဒီ သုညကိုပဲ
ငါ့ချစ်သူဆီပေးရဲတဲ့ကောင်
သူလည်းတိုးတက်ပါစေ။ (လူကြီးမင်း)
ကောင်မလေးရေ
အဲဒီညက
စံပယ်တွေ
ကြွေ
ကျ
ပုံ
ဆန်းတယ်။ (ငဂျူလိုင်)
လာခဲ့ ခေတ်သုန် ။
လာခဲ့ ။
ငါ့လက်ကိုတွဲဖို့  ရဲရဲလှမ်းခဲ့ ။
တကယ့်လောကငရဲဆိုတာ
သေပြီးသားလူတွေ ပြန်ရှင်တယ် ။
ပန်းမျိုးစုံပွင့်တယ် ။
ဆယ့်နှစ်လရာသီကနေ လွတ်ကင်းတယ်။ (ညီစိမ်း)
အိပ်မပျော်သေးတဲ့ သံချောင်းခေါက်သံအချို့ရယ်
မာနနဲ့ စိမ်ပြေးတမ်း ကစားနေတဲ့ ကြွက်တွေရယ်
အကောင်းစား စက္ကူနဲ့ လေယာဉ်လက်မှတ်ရယ် ။ ။ (နေ့သစ်)
တစ်ခါတုန်းက
ငှက်မလေးတစ်ကောင်ဟာ
သူ့ ကိုယ်သူ
ဓူဝံကြယ်ပါလို့ ပြောပြီး
ကျွန်တော့်ဆီက ပျံသွားတယ်။ ။ (ဇာတိ)
 ရွာရိုးကိုးပေါက် လမ်းလျှောက်ဖို့ 
တားမရနိုင်ဘူး
ငါမရောက်ရာ အရပ်မှာ နင်ပျော်စေ။ (နေနှင်းစက်)
လေးစားမှုဖြင့်
-နေ့ သစ်
Wednesday, June 23, 2010
ကျောက်ခေတ်ပန်းချီကား
အဆင်မပြေလှတဲ့ ငါ့ရဲ့ ဝတ်စားဆင်ယင်မှုထဲ
မင်းနာမည်လေး ခဏခဏပြုတ်ကျတယ်။
ချစ်ရသူရေ
ငါတို့ မြေရဲ့  အထီးကျန်မှုက
ကြယ်ကလေးတွေအိမ်ပြန်နွမ်းလျ
မင်းမရှိတော့တဲ့ ညတစ်ညပေါ့။
မြောက်အရပ်က ကြိုးကြာတွေ
ဆက်သွယ်မှုဧရိယာပြင်ပမှာ
အစာရှာနေကြပြီ။
ဒီနှစ်ကူးရင်
မူးမြစ်ရေလျှံလိမ့်မယ်။
မင်း ပြန်လာမယ့်လမ်းမှာ
ရေဒီယိုသံလိုက်လိုင်းတွေ ပရမ်းပတာဖြစ်လို့ ။
ဒီလိုနဲ့ 
ငါတို့ တွေ
တစ်ယောက်ကိုတစ်ယောက်
ချောက်ထဲ တွန်းချခဲ့ကြဖူးတယ်။
Tuesday, June 22, 2010
တနင်္ဂနွေမျဉ်းပြိုင်များ
တို့တွေ
တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ် ။
တစ်ယောက်ကို တစ်ယောက်
ဖုန်းကလေး တချက် မခေါ်နိုင်ခဲ့ဘူး
ညစာ အတူစားဖို့ မခေါ်ဖြစ်ဘူး ။
အားလပ်ရက်မှာ
တစ်နေရာရာသွား အပန်းဖြေဖို့ဖြစ်ဖြစ် အတူ မရှိနိုင်ခဲ့ဘူး ။
ရင်ဘတ်ခြင်းတူတဲ့ သူငယ်ချင်းတွေ
(တို့တွေ)
ဘာလို့ ဝေးသွားလဲ
အနီးဆုံးနီးအောင် လုပ်ကြပြီးမှ
ငါတို့ ဘာလို့ ဝေးသွားလဲ ။
ကိစ္စအထွေအထူးမရှိရင်
ခေါ်စရာမလိုတော့တဲ့ ဖုန်းနံပါတ်တွေလို
Contact List ထဲမှာ နံပါတ်တွေ အေးခဲလို့ ။
သော့ကို လှည့်ဖွင့်လိုက်တော့
မီးခလုတ်ကို ထောက်ခနဲ ဖွင့်လိုက်တော့
စားပွဲတစ်လုံး
တိတ်နေတဲ့တယ်လီဖုန်း
နောက်
ဘဏ်က ပို့လိုက်တဲ့ စာတွေ
ဖုန်းကုမ္ပဏီက စာတွေ
ကုန်ပစ္စည်းကြေငြာစာရွက်စာတမ်းတွေ
ဒီ ဒစ်ဂျစ်တယ် ပစ္စည်းတွေ တပ်ဆင်လိုက်ရင်
ဘဝက တကယ် smart ဖြစ်သွားပြီလား
ဒီတယ်လီဖုန်းကို ဝယ်သုံးလိုက်ရင်
အနာဂတ်ထဲ တိုးဝင်တဲ့ ခြေလှမ်းဆိုလား
နွေးထွေးလှိုက်လှဲ နေပျော်တဲ့ ဘဝလေးကိုလိုချင်ရင်
ဘယ်လို ဖုန်းကို ဝယ်သုံးရမလဲ
ဘယ်လို ဒစ်ဂျစ်တယ်ပစ္စည်းတွေ ဘဝမှာ တပ်ဆင်ရမလဲ
ဘယ်လို အဝတ်တွေ ဝတ်ထားရမလဲ…
နွေးနွေးထွေးထွေး ဘဝလေးတစ်ခု ဝယ်ပါရစေ….
အဲဒီလိုနဲ့
မင်းလည်းမမှတ်မိတော့
ငါလည်း မမှတ်မိတော့
ဒီနေရာကို ငါတို့ ဘာအတွက်လာခဲ့ကြတယ်ဆိုတာ…
မင်းလည်း မတွေးမိတော့
ငါလည်း မတွေးမိတော့
နေရာဟောင်းကို ငါတို့ ဘယ်တော့ ပြန်ကြမယ်ဆိုတာ…
မင်းလည်း မပြောဖြစ်တော့
ငါလည်း မပြောဖြစ်တော့
ဇာတိ ပုည ဂုဏ်မာန တွေ အကြောင်း….
ဒီလိုကြီးနဲ့ပဲ
ဒီလိုကြီးနဲ့ပဲ
ရင်ထဲက နှင်းဆီတွေလည်း
ဒစ်ဂျစ်တယ် နှင်းဆီတွေနဲ့ အစားထိုးခဲ့တာ ကြာပေါ့
တို့တွေ
တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ် ။
လင်းဒီပ
၂၄.၀၂.၁၀
Wednesday, June 16, 2010
ညနေခင်း
၄၈ ဘတ်စ်ကားတွေ တော်တော်ကြပ်တယ်
အစ္စရေးက ဘာကြောင့်များ ဂါဇာကမ်းမြှောင်ကို ပိတ်ဆို့ ထားရတာလဲ
ပစိဖိတ်ကမ်းလွန်က ယိုဖိတ်နေတဲ့ရေနံတွေကို
သုံးရက်အတွင်း အပြီးရှင်းရမယ်
ငါလည်း သူ့ ကိုသွားမကြိုဖြစ်တာကြာပြီ ဖြိုးစည်သူ။
ဒီနေ့ လိုအားလပ်ရက်မျိုးဆို
ရွှေတိဂုံဘုရားမှာ လူတွေ တော်တော်များမှာပဲ
သရဲရထားစီးရတာ ပြောသလောက်လည်း ကြောက်စရာမကောင်းပါဘူးကွာ
အခု ငါ့မှာ ဆေးလိပ်ပြာချွေဖို့ တောင် အားမရှိဘူး
သူ့ ကို ပုံတူအသစ်ရေးပေးမလို့ 
ဒါပေမယ့် သူကမလိုချင်ဘူးတဲ့။
လက်ဖက်ရည်ဆိုင်မှာ
ပဲပြုတ်နဲ့ နံပြားစားတိုင်း
ငါ့အနီးတစ်ဝိုက်မှာ သက်ပြင်းရှိုက်သံတွေကြားရတယ် ဖြိုးစည်သူ
နောက်ရာသီသစ်မှာ မန်ယူအသင်း ဖလားရဖို့ ဆုတောင်းပါရဲ့
လူငယ်ဆိုတော့ လွယ်လွယ်နဲ့ ဘယ်တရားရနိုင်မလဲ
ဒီနှစ်မိုးရာသီမှာ
မြေ၀ိုင်းအကနဲ့ မိုးသားမှော်မျှင်တွေ
အနော်ရထာလမ်းမကြီးပေါ် ပဲ့ကျနေတယ်။
သူနဲ့ ငါ
ခြေလှမ်းဆယ့်ငါးလှမ်းခွါပြီး လမ်းလျှောက်တယ်
ငါတို့ ကြားမှာ
ဒီနှစ်ကမ္ဘာ့ ဖလား ဘယ်အသင်းရသွားမလဲ
ငါ စိတ်မ၀င်စားဘူးကွာ
တစ်ခါတစ်လေကျ
သင်္ချာပုစ္ဆာတွေက အဖြေမထွက်ဘူး။
ဟေ့ရောင် ဖြိုးစည်သူ
ငါသူ့ ကို ပုဝါမကူ၊ရေမရှူဘဲ ချစ်တယ်
ဘာဖြစ်သလဲ
ကမ္ဘာ့ စီးပွားရေးအကြပ်အတည်းမှာ
ငါကတော့ ရှမ်းခေါက်ဆွဲစားနေဦးမှာပဲ
သူက မကြာခင်သွားတော့မှာ
အဲ့ဒီ့အခါ
ငါ့ညရေးညတာတွေ
ဖိနပ်အသစ်ဝယ်ရဦးမယ်
အီလက်ထရောနစ်ပစ္စည်းတွေကလည်း
အသစ်အသစ်တွေချည်းပဲ
မိုးထဲလေထဲ
သူဝယ်ပေးတဲ့ အညိုရောင်ဖိုင်လေး
ငါ့အပြစ်တွေပါကွာ
အားလုံး ငါ့အပြစ်တွေချည်းပဲ
အနာဂတ်နဲ့ လွန်ဆွဲရတာ
ပျော်စရာမကောင်းဘူး ဟေ့ရောင်
မင်းတို့ ငါတို့ လူငယ်ဘ၀မှာ
အသည်းကွဲခြင်းအနုပညာဆိုတာ
ငါတော့ အဲ့ဒီမှာ မအိပ်ဘူး။
၄၈ ဘတ်စ်ကားကြီး
ငါ့နားထဲမှာ
ဟစ်ဇ်ဘိုလာတွေ ပစ်တဲ့သေနတ်သံတဒိုင်းဒိုင်းကြားနေရတယ်
ဘာလဲကွာ ... လူငယ်ဘ၀ဆိုတာ
ငါဖြင့်
ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ပစ်ချင်မိတယ်။
ငါတို့  တစ်ယောက်ကိုတစ်ယောက်
အချိန်မပေးနိုင်ကြဘူး
အနီးဆုံးမှာနေရပြီး
တစ်ယောက်က လေယာဉ်ပျံကြီးစီး၊
တစ်ယောက်က ဖိနပ်ပါးပါးစီး၊
သူ့ ကိုအိမ်ပြန်ပို့ ပေးခဲ့တဲ့ တစ်ညနေက
ငါ့ခေါက်ထီးလေး ကားကြိတ်ခံရတယ်။
လေယာဉ်ပျံဆိုတဲ့ အရာကြီးပေါ့ကွာ
ဈာန်ရနေတဲ့ မကောင်းဆိုးဝါး၊
လက်ဖက်ရည်ချိုစိမ့်သောက်ရတာ ခါးလာပြီ၊
ဟေ့ရောင် ဖြိုးစည်သူ
ဝယ်စရာရှိတာ ၀ယ်ခဲ့။
Wednesday, May 19, 2010
မိုးတွေရွာပြီ
ညာဘက်လက်မှာ ဆေးခါးကြီးတွေနဲ့ 
ဦးနှောက်တစ်ခြမ်းပဲ့နေတဲ့ကောင်လေ။
မိုးတွေ ရွာပြီ တည်ကြည်ခင်
ဒါပေမဲ့ မိုးအတုတွေ။
-နေ့ သစ်
Friday, May 14, 2010
လှေ
ချွတ်ထားတဲ့ ဖိနပ်ပါးပါးမှာ
သံယောဇဉ်တွေ ထားပစ်ခဲ့ချင်တယ်
ငါ့အသက်လည်း မငယ်လှတော့ဘူး။
ငါ့ကိုယ်မှာ ၀တ်ထားတာက
ဘယ်သူမှ မမြင်ရတဲ့ အညတရစာရွက်
မင်းတို့  တံခါးတွေက
ရောဂါပိုးမွှား၊အငှားကားတွေနဲ့ 
မတည့်တဲ့ အသီးတွေ စားလို့ ။
ဟေ့
ငါက လူငယ်
မ၀ယ်နိုင်တဲ့ စံပယ်တင်မှဲ့ ကလေးကို
မျက်နှာ မညိုစေချင်ဘူး။
Sunday, May 9, 2010
ကျွန်တော့် သူငယ်ချင်းမလေးနဲ့ မိုင်ငါးဆယ်ပတ်လည်မှာ
မေလက ဖက်ရှင်ကျကျ ၀တ်စားထားတယ်
သတင်းနဲ့ နည်းပညာတွေက
ခေတ်ကြီးကို လက်နဲ့ တို့ ပြီး ငိုအောင်စလို့ 
ကျွန်တော့် သူငယ်ချင်းမလေးရဲ့ ယာဘက်နံဘေးမှာ
စံပယ်တွေ ဖွေးနေတယ်
သူမက
လရောင်ကိုသွေးပြီးလိမ်းထားတဲ့ မျက်နှာလေးနဲ့ 
ရှော့ပင်းမောလ်တွေဆီ ဈေးဝယ်ထွက်တတ်တယ်
ပြီးတော့
အငှားကားကို ဈေးဆစ်ပြီး
ရာသီဥတုက သာသာယာယာ
တစ်ခါ တစ်ခါ
တရားဒေသနာသံတွေနဲ့ ၊
ကျွန်တော့်သူငယ်ချင်းမလေးဟာ
ကိစ္စအသေးအမွှားလေးတွေက အစ
ဂရုတစိုက် ရှိလှတယ်၊
ကျွန်တော်ကလည်း ကျွန်တော်ပဲလေ
ရေတွေ ကြည်လင်နေရင်ပဲ ပျော်နေတတ်တာ၊
စာမလာ သတင်းမကြား
ဆီ၊ရေ၊လေ၊၀ိုင်၊မိုင်တိုင်အမှတ်၊မီးပွိုင့်နီနီ
လမ်းညီညီညာညာတွေဆီ မောင်းနေသလား၊
ကျွန်တော့် သူငယ်ချင်းမလေးနဲ့ မိုင်ငါးဆယ်ပတ်လည်မှာ
စာဘူးတောင်း ငှက်ကလေးတွေ
သီချင်းအေးအေးကို ဆိုလို့ 
ယနေ့ 
သူမအပါး
တိမ်လိပ်မိုးသား ကင်းစင်ပါစေ။
Friday, May 7, 2010
လမ်းလျှောက်ငှက်
ကျွန်တော့်မှာ
ဘာမှ ပြောစရာမရှိပါ
လာခဲ့တဲ့လမ်းက ဖမ်းလို့ မရတဲ့
တစ်ကိုယ်တည်း အရိပ်တွေနဲ့ ၊
တိတ်တိတ်လေးနေရတာလည်း
လိပ်ပြာလှပါတယ်၊
အဆင်ပြေလှတယ်လည်း မဟုတ်ပါဘူးလေ
ကိုယ့်ခြေရာကို ပြန်ကောက်နေမယ့်လူငယ်ပဲ
အသည်းကွဲမယ်၊ရေသောက်မယ်
ဒီလောက်ပါပဲ
ကျွန်တော့်မှာ ဘာမှပြောစရာမရှိလို့ မပြောတော့ဘူး။
Monday, May 3, 2010
လွင်ပြင်၏ အခြားတစ်ဘက်၌
အရင်လိုပဲ ...
မော်တော်ကားတွေ တ၀ီဝီ
လမ်းသွားလမ်းလာတွေ တစီစီ
ခိုပြာအုပ်တွေ တအီအီနဲ့ ၊
ဒီရာသီမှာ ငါတို့ မန်ယူအသင်း ဖလားမရနိုင်တော့ဘူးတဲ့
နင့်ကိုငါ တီးပြခဲ့ဖူးတဲ့
ပီယာနိုသံပေါက်နေတဲ့ ငါ့ဂစ်တာအဟောင်းလေး
မနေ့ ကပဲ ငါ့ညီတစ်ယောက်ကို ပေးပစ်လိုက်ပြီ။
တည်ကြည်ခင် ... တည်ကြည်ခင်တဲ့
ဒီနာမည်လေးကို မေ့ဆေးအနေနဲ့ ငါသောက်လိုက်မိတယ်
အမှန်အတိုင်းဝန်ခံရရင်
နင့်ကိုငါ ငယ်ငယ်တုန်းက ကြည့်မရခဲ့ဘူး
နင်တို့ ထီးတန်းအိမ်ယာရှေ့
သဲကွင်းမှတ်တိုင်ကိုရောက်တဲ့ဘတ်စ်ကားတွေ
ငါ့ကိုမြင်ရင် ထွက်ပြေးကုန်ကြသလိုပဲ၊
နင်တို့ တိုက်ခန်းက ချထားတဲ့ခေါင်းလောင်ကြိုးလေး
အခု ဘာအရောင်ပြောင်းသွားပြီလဲ၊
အပေါ်ထပ်က ငါ့အစ်မ၀မ်းကွဲနဲ့ 
နင့်အမေအန်တီလတ်တို့ 
အရင်လိုပဲ ဟိုအကြောင်းဒီအကြောင်းတွေ
မုန်တိုင်းတိုက်နေတတ်တုန်းပဲလား။
တည်ကြည်ခင်ရေ
သူငယ်ချင်းဆိုတာ
ပန်းချီကားတွေ ရှိတယ်၊အလှတရားတွေ ရှိတယ်
ပြီးတော့ မမြင်နိုင်တဲ့အပ်ချည်ကြိုးလေးတွေနဲ့ ။
ဒီစကားကိုကြားရင်
ရဲလင်းအောင်ဆိုတဲ့ကောင်ကြီး
ငါ့ကို ပြုံးပြလိမ့်ဦးမယ်ထင်တယ်၊
ပြုံးပါစေလေ ...
ဒီကောင်ကြီးက ငယ်ငယ်တည်းက
ဘာမှန်းမသိ ညာမှန်းမသိ ဒီလိုပြုံးပြုံးပြနေကျပဲဟာ။
ဘုရားတရားနဲ့ မိဘဆရာသမားကို မမေ့နဲ့ 
အိပ်ရေးဝအောင် အိပ်ပါ၊
တစ်နေ့ ကတောင် နင့်အကြောင်းတွေ ပြောဖြစ်သေးတယ်
ကိုညီစိမ်းတဲ့ ... နင်သိတယ်မလား
သဘောကောင်းကောင်း၊မျက်နှာချိုချိုနဲ့ 
ဘယ်တော့မှ အိပ်ရေးမ၀တဲ့ အစ်ကိုလေ။
နင် ဟိုကို ဘယ်တော့ သွားမလဲ
နင် ဘယ်တော့ ပြန်လာမလဲ
ငါ့မေးခွန်းတွေကို မဖြေလိုက်ပါနဲ့ 
ငါကတော့ ...
လက်ဖက်ရည်ဆိုင်ထိုင်ရင်း
စိမ်းနေတဲ့ မီးပွိုင့်တွေနီလာတာကို စိတ်မရှည်စွာစောင့်ရင်း
ရေကြောင်းတက္ကသိုလ်ယူနီဖေါင်းကို ဖရိုဖရဲဝတ်ရင်း
မြန်မာထမင်းဟင်းကိုပဲ
အမြတ်တနိုးစားဖြစ်နေဦးမယ် ထင်တယ်။
နင် အဆင်ပြေပါစေ တည်ကြည်ခင်
ငါ့ကို ကျေးဇူးတင်စကားပြောစရာမလိုအောင်
နင် အဆင်ပြေပါစေ။
အစ်ကို ညီစိမ်းရေ ...
ကျွန်တော့် နားရွက်ကြားက ပန်းပွင့်ဖြူဖြူလေးတွေ
ပြုတ်ကျကျန်ခဲ့လေသလား၊
သူ့ အကြောင်းတွေးမိတိုင်း
ကျွန်တော့်ခြေထောက်တွေ လေးနေတယ်။
ဟုတ်တယ် အစ်ကို
သူငယ်ချင်းဆိုတာ မိုးကောင်းကင်နဲ့ တူတယ်၊
လေထုကြီးနဲ့ တူတယ်၊
သံသရာထဲက ရေစက်ရေပွင့်ကလေးတွေနဲ့ တူတယ်။
သူငယ်ချင်းဆိုတာ ...
ဘယ်တော့မှ နေမ၀င်ဘူး။
Friday, April 30, 2010
နီလေး
ဘာမှ မဟုတ်ဘူး
အဲဒါ
ရူးနေတဲ့လူ။
(၂၈.၄.၂၀၁၀)
ချစ်ခင်လေးစားရတဲ့  အစ်ကို ကိုနီလေးအတွက် မွေးနေ့ လက်ဆောင်။
(မွေးနေ့ အမီတင်မပေးနိုင်တာ ခွင့်လွှတ်ပါ အစ်ကို)
Wednesday, April 28, 2010
ငှက်
မေမေ
အခု ကျွန်တော့်အသက် ၁၉ နှစ်
ဖိနပ်မကြာခဏပြတ်တဲ့ခေတ်ထဲမှာ
လက်ပစ်ကူးနေရပြီ။
ရပ်တည်မှုက
ဒီရေလို တက်လိုက် ကျလိုက်
အမှတ်သညာမရှိလိုက်ပုံများ
ဦးနှောက်ပျက်နေတဲ့ ပိုးဟပ်တစ်ကောင်အလားပဲ၊
အာရုံကြောထဲမှာ ရမ်းကားတတ်တဲ့စိတ်မရှိတာကလွဲလို့ 
ကျွန်တော်က ကိုယ့်ကိုယ်ကို လူမိုက်လို့ ပြန်သတ်မှတ်တယ်။
အသည်းလည်းကွဲဖူးပြီ
ဒူးလည်းပြဲဖူးပြီ
ပိုက်ဆံလည်းချေးဖူးပြီ
အကြွေးလည်းယူဖူးပြီ
ဒီနှစ်ထဲ ပုလင်းကွဲမရှဖို့ ဆုတောင်းမယ်၊
သံချေးတက်နေတဲ့ စကားလုံးတွေကြားမှာ
ရက်စွဲအသစ်ချပ်ချွတ်တွေကို
ပိုက်ဆံရေသလို ထိုင်ရေပစ်ချင်လို့ ။
Monday, April 26, 2010
၂၁ရာစုရထား
Still Life with Three Birds' Nests
 by  Vincent Vangogh
အာကာသယာဉ်မှူးဖြစ်ချင်လွန်းတဲ့ကောင်
တွေးရခေါ်ရတာ
မိုးတိမ်တွေနဲ့ မလွတ်တော့
ဒီဆံပင်ရှည်ရှည်တွေကိုပဲ လှောင်ရယ်ပစ်ချင်တယ်။
မာနတွေ တစ်ခွဲသားနဲ့ 
အသားမဲမှာလည်း မစိုးရိမ်တော့ဘူး။
အလင်းဖျော့ဖျော့မှာ
ဆိုတဲ့သီချင်း
ဟိုးငယ်ငယ်တုန်းကထနောင်းပင်လေးနံဘေးမှာ
ကျွန်တော့်နဲ့ ကျွန်တော့်သူငယ်ချင်းလေးတွေ
ကမ္ဘာ့ ကြီးအရေး မတွေးခဲ့ကြဘူး။
အခုများ
လက်ဖက်ရည်ဆိုင်ရဲ့
ညစ်ညမ်းသီချင်းသံတွေကြား
ကျွန်တော်တို့ ဟာ
အမှားကို ၀ယ်စားကြတယ်။
လူငယ်က ခေတ်ကို ဖြတ်တယ်၊
ခေတ်က လူငယ်ကို ပြန်ဖျက်တယ်။
ပြီးပြီပေါ့
ကမ္ဘာကြီးအတွက် ၊
ကုရာနတ္ထိဆေးမရှိတဲ့ ဝေးကွာခြင်းတွေအတွက် ၊
မနက်ဖြန်မှာ ၀ယ်လို့ မရတော့တဲ့ မနက်ဖြန်များအတွက်။
ရက်ရာဇာတွေထည့်ထားတဲ့
လွယ်အိတ်တစ်လုံးကိုလွယ်
ပြီးတော့
ဖိုးလမင်းပေါ်မှာ
ကျော့ကျော့လေးတက်ထိုင်နေလိုက်တော့မယ်။
Thursday, April 22, 2010
မနက်ဖြန်ကို ကျွန်တော်လက်ပြလိုက်တယ်
မိုးတိမ်တွေ ပြုတ်ကျလာမလားဆိုတဲ့ အတွေးနဲ့ 
ကောင်းကင်ဆီကို
ချွေးစေးပျံနေတဲ့ ရာသီဥတုအပျက်တစ်ခုနဲ့ 
စက်အင်ဂျင်မပါတဲ့ ဇင်ယော်ငှက်ကလေးတစ်ကောင်ဟာ
အသံမထွက်ဘဲ ကြိတ်ငို
အလွမ်းတေးကို သူတို့ ဆိုကြလို့ ။
အဝေးကြီးမှာ
ဟိုး ... အဝေးကြီးမှာလေ
ကြယ်ကလေးတွေကို ဒီ့ထက်ချွန်အောင်
ကျွန်တော်ကတော့
သတိတရရှိလွန်းလို့ 
သံယောဇဉ်ကို
ပိုးမွေးသလို မွေးနေလိုက်တယ်။
Saturday, April 17, 2010
မေဦးဖတ်ဖို့ 
မေဦးဖတ်ဖို့ -၁
ငါ....
အကြောင်းအရာ၊ခေါင်းစဉ်
စသဖြင့်ခွဲခြား
အတွေးများစွာထဲက စီးကရက်နံ့ ကို မုန်းတီးခဲ့
ဂျစ်ပစီလို အသက်ရှုခဲ့
“ညီမလေး မမမြင့်” ကိုချစ်မြတ်နိုးခဲ့
အကြောင်းပြချက်များစွာဖြင့်
အသက်ရှင်ခဲ့..........။
ငါ၊ကဗျာဆရာ
လေလိုလူလေ...
ညံ့ဖျင်းမှုအပေါင်းနဲ့ 
ဆုတံဆိပ်များရယူသူ၊
ရက်ထပ်နှစ်မှာ ဖေဖေါ်ဝါရီနဲ့  ရန်ဖြစ်သူ၊
ကိုယ့်တန်ဖိုးကိုယ်မသိသူ၊လူအန္ဒ။
ဟိုစဉ်တုန်းရက်များ
ငါယုံကြည်ရာ သက်ကယ်ရိတ်သွားချိန်၊
တို့ နှစ်ဦးတွေ့ စ ၀ါဆိုတစ်လပေါ့
နင်၊ပန်းဒဏ္ဍာရီထဲက နတ်သမီး
စကားတစ်ခွန်းကို အကြိမ်ကြိမ်ပြောသူ၊
မနက်ဖြန်များနဲ့ မိတ်ဖွဲ့ သူ၊
ရှေ့ နေတစ်ယောက်ရဲ့ စိတ်နဲ့ 
ကလေးဆန်နေသူ၊
နင်၊မူလတန်းတက်ဆဲအချိန်
ငါတို့ တွေ့ စ ၀ါဆိုတစ်လပေါ့။
မြူတွေေ၀၀ါးတဲ့
အချည်းအနှည်းတောင်တန်းတွေမှာ
နင့်ရယ်သံတွေ ငါတွေ့ ရှိခဲ့
မေတ္တာအကြောင်းဆွေးနွေးတဲ့
ဓမ္မသဘင်မှာ..........
နင်က
သနပ်ခါးလိမ်းတတ်တဲ့
ဥရောပဆန်သူလေ၊
ဝါဆိုလေနဲ့ အတူ ငါ့စိတ်လည်း ကိုင်းညွတ်၊
စကားတစ်ခွန်းကို
ဓားခင်းပြီးပြောခဲ့ရ
အဲဒီအချိန်
(လက်ပံတွေ ပွင့်နေသေးတယ်)
ငါတို့ တွေ့ စ ၀ါဆိုတစ်လ။
မိန်းကလေးရေ.................
မျက်နှာမူရာမှာ ပျော်ရွှင်ပါ
အနောက်နေ ထွက်သော ယုံတမ်းတွေမေ့ပစ်
ရွက်စိမ်းသစ်တွေအောက်မှာ
ကညစ်နဲ့ ရေးတဲ့
စာချွန်တစ်ကြောင်း
မဟောင်းနိုင်ပါဘူး.......
ညနေခင်းကစားပွဲမှာ.....
စာမျက်နှာချို့ တဲ့ခဲ့ရသူ ငါ့မိတ်ဆွေမလေးရေ
ငါ ဘယ်လောက်ချစ်တယ်ဆိုတာ
ဘုရားရှင်တောင်ငြင်းနိုင်မှာ မဟုတ်ဘူးကွယ်။
-(၂၅.၁၀.၂၀၀၉)
မေဦးဖတ်ဖို့ -၂
ဖေါင်းပွလာသော ခေတ်လွန်ယဉ်ကျေးမှု၊
ရုပ်၊နာမ်နှစ်ပါး မကွဲပြားတဲ့ ကမ္ဘာရွာကြီး၊
ဒီလိုမျိုး အော်ပရာမပါတဲ့
လူနေမှုပြဇာတ် များထဲမှာ
ငါတို့ ဟာ
အိပ်မက်တူရာချစ်သူများ၊
နေ့ နဲ့ ညပေါင်းများစွာ
ဖွာရရာ ပြန့် ကျဲသွား
မေဦးရေ ...
နင် အရင်လိုသနပ်ခါးလိမ်းသေးရဲ့ လား။
အလွမ်းပူပူတွေဟာ
ရေခဲမြစ်ကို အရည်ပျော်စေတယ်၊
ငါက မိုးဖြူဖြူများကြားက နှင်းလူ၊
ယနေ့ နဲ့ မနက်ဖြန်တွေကို မုန်းသူ၊
အိမ်ခြေယာမဲ့ မီးလောင်ပန်းများကို ပျိုးသူ၊
မြောက်ဝင်ရိုးစွန်း ရေခဲကျွန်းဆီက
အထီးကျန် ဥယျာဉ်မှူး။
ဒီနေ့ လို စနေပေါင်းများစွာထဲ
အခါးတွေ တုန်ရီဖျော့တော့
ယူကလစ်ထင်ရှူးများ လောင်မီးကျရာ
မြေ၀ါ လမ်းခွဲထဲမှာ
ငါ့ သမိုင်းဦးပြာပြာကို နင် ဖြားယောင်းခဲ့၊
မှောင်မှောင်မဲမဲ ကာလာသီဝရီထဲမှာ
ဒီလိုမျိုးမိုးလင်းခဲ့ရတာလည်း အခါခါပဲ။
မေဦးရေ ...
ခိုကိုးရာမဲ့ တိမ်တိုက်များဟာ
နေအပြင်းတွေ ရွာချတယ်
လကမ္ဘာဟာလည်း
ငါတို့ တွေ့ စ ၀ါဆိုတစ်လကလို
ဆောင်းရာသီ မဆန်တော့ဘူး၊
လစ်လျူရှုခြင်းဆိုင်ရာ ဘာသာဗေဒကို
ကျွမ်းကျင်တတ်မြောက်ခဲ့သူ၊
နင်၊ အလေ့ကျပေါက်တဲ့ နတ်ပန်းပင်၊
ရည်မှန်းချက်နဲ့  နှုတ်ခမ်းနီ ဆိုးသူ၊
သနပ်ခါးမလိမ်းတော့တဲ့ မြစ်ဝကျွန်းပေါ်သူ၊
တာဝန်နဲ့  ၀တ္တရားပျက်ကွက်သူ၊
လယ်သူမ။
ငါ့ကျောင်းပြေးရက်တွေ ကို
ထီးမိုးမပေးဘဲ
နင်ဟာ နင်ပီသခဲ့တယ်၊
မေဦးရယ် ...
သမိုင်းဆိုတာ
စူနစ်ပြင်းရှဖွယ်ရာ မီးတောင်မှန်းသိခဲ့ရင်
ဒီဝါးအိမ်လေးကို
ငါ ဆောက်လုပ်ခဲ့မှာ မဟုတ်ဘူး။
အချိန်တန်ပြီပဲလေ ...
ဝမ်းနည်းအားနာခြင်းတွေ မသီဘဲ
ဟိုအရင် သုညဘ၀ကလို
ငါ့ကို ထားရစ်ခဲ့ပေါ့။
-နေ့ သစ်(၂၈.၁၀.၂၀၀၈)
Wednesday, April 14, 2010
ရေတံခွန်အတု
အဲဒါ
သူမအရိပ်ကျခဲ့ဖူးတဲ့
မြေနေရာပေါ့။
ကျွန်တော်ဟာ
လေထီးပါမလာတဲ့ နွေညတစ်ညလို
စက္ကူပန်းနဲ့ ချိန်ရွယ်ပစ်ချတာကို ခံရတယ်။
လူငယ်ဆိုတာ
အသည်းကွဲနေတဲ့မိုးတိမ်လိုပဲ။
လရောင်ကိုဖျော်သောက်၊
အိပ်မက်ကို သင်္ဘောဆေးသုတ်၊
ပြီးတော့
လေယာဉ်ပျံလုပ်တမ်းကစားမယ်။
ကောင်းကင်ဘုံ မလိုပါဘူးကွယ်
လယ်တောတစ်ခုအ၀င်မှာ
ရေအိုးစင်ကလေး ရှိနေရင်ပဲ
ညနေခင်းထဲ ပျော်ဝင်နိုင်ပါတယ်။
အိပ်မက်ဆိုတာ
ရွှေနဲ့ ဆက်ဝယ်ရတာမှ မဟုတ်တာ။
ငါတို့ တွေဟာ
ညခင်းသာသာမှာ
လမင်းချော့မြူ
အိပ်မက်တူဖူးသူတွေ။
အသံဝင်နေတဲ့ခေါင်းလောင်းတွေဟာ
နွေဦးရဲ့ ကဗျာကို ဆိုကြတယ်။
နေရောင်နဲ့ မတည့်တဲ့သစ်ရွက်တွေကြား
တို့ တွေ ပိုလို့ များဝေးသွားသလား။
မိုးတိမ်တွေပေါ်တက်ထိုင်ပြီး
မေးခွန်းတွေကြား ဒန်းစီးနေလိုက်ချင်တယ်။
အဲဒါ
သူမအရိပ်ကျခဲ့ဖူးတဲ့
မြေနေရာပေါ့။
(၁၄.၄.၂၀၁၀)
Monday, April 12, 2010
ပွဲတော်ညကမိန်းကလေး
အ၀ါရောင် အင်္ကျီလေးဝတ်လို့ 
အ၀ါရောင်လို လှတဲ့ ကလေးမ
မနေ့ ညက ငါ့လခြမ်းသေးသေးလေးကို ခိုးသွားတယ်။
ဆံပင်ရှည်တွေ လေမှာလွင့်
ပွဲတော်ဈေးက
မင်းကလေး ခြေတစ်လှမ်းအရွေ့
ငါ့မှာ မေ့လဲသွားမတတ်။
ကလီယိုပက်ထရာ
မာရီလင်မွန်ရိုး
မင်းကလေးအလှမျိုးကို မီပါ့မလား၊
ဖြူရှင်းပြောင်ဝင်းတဲ့
နဖူးပြင်ဖွေးဖွေးလေးဟာ
ဟစ်တလာလက်နက်ချသွားခဲ့ရာ နေရာ။
သွယ်မြ လှပတဲ့
နှာတံစင်းစင်းလေးမှာလည်း
ဒစ်ကာဗာရီအာကာသ လွန်းပျံယာဉ်ကြီး လမ်းချော်ပျက်ကျခဲ့ရ။
ဒင်းကလေးကြောင့်
မေတ္တာသုတ်ကိုလည်း
အဆုံးထိ ငါအလွတ်ရခဲ့ပေါ့။
မျက်လုံးလေးတွေအရည်လဲ့
ငါ့ညတွေကို ဖဲ့ဖဲ့ခြွေနေတာ
သမင်မျက်လုံးဆိုတာ ဒါမျိုးထင်ပါ့။
ပွဲတော်ညက မိန်းကလေးရေ
ဆိုင်းသံ၊ဒိုးသံ ခြိမ့်ခြိမ့်ညံလို့ 
အမိန့် သံတွေ ငါနာခဲ့ရပြီ။
အမေရေ
ဒီတိုက်ပွဲမှာ
ကျွန်တော် ကျခဲ့ရပေါ့။
ကိုယ့်အလံကိုလှဲ
မြေစိုင်ခဲတွေ ကွဲအက်သွားတယ်။
သူကလေး ပါးပြင်မှာ
စံပယ်လေးရုံပွင့်လို့ ။
သူကလေး နှုတ်ခမ်းမှာ
ကာလယန္တရားကြီး လမ်းပျောက်။
ထီးပြိုင်နန်းပြိုင်ဥသြသံတွေနဲ့ 
ငါ့မှာ ...
ကြယ်တွေလတွေကြား
ခရီးထွက်ခဲ့ရပေါ့။
Friday, April 9, 2010
ရွှေရောင်နာ
ပန်းစစ်ပွဲ၊
မီးခဲရဲရဲတွေနဲ့ မွမ်းမံထားတဲ့  နတ်သမီးရုပ်တု၊
စူဠလိပ်ကိုစီးပြီးရေထဲဆင်းသွားတဲ့ ရက်စွဲ၊
အခုချိန်ထိ
ပင့်ကူအိမ်ထဲမှာပဲ
ကျွန်တော်နေတယ်။
Tuesday, April 6, 2010
ဧပရယ်
အချိန်က
အီကွေတာပေါ်ငုတ်တုပ်ထိုင်နေရသလို၊
အ၀တ်ဟောင်းတွေပြန်ဝတ်ပြီး
သီချင်းအဟောင်းတွေပဲ ပြန်ဆိုရတယ်၊
ကမ္ဘာကြီးကို ပက်လက်လှန်လို့ မရတာ
မသိသေးရုံကလွဲလို့ 
ကိုယ့်အဖြစ်က ရေမွန်းနေတုန်း။
Saturday, March 27, 2010
အလွမ်းကဗျာ
မလွမ်းဘူး၊မလွမ်းဘူးဆိုပြီး
မလွမ်းဖူးသလိုမျိုး လွမ်းနေလိုက်ရတာ
ကြိုးကြာငှက်တွေ တောင်အရပ်ကိုပြန်လာတာ မသိလိုက်ဘူး။
အနာဂတ်ဆိုတာ
မိုးကြိုးသွားပေါ် ငုတ်တုတ်လေးထိုင်ပြီး
သက်တန့် ကြီး ပြိုလာတာကို
တစ်ကိုယ်တည်းစောင့်နေရသလိုမျိုး။
တစ်ခါတစ်လေ ရန်ကုန်-ပုသိမ်ကားလမ်းမကြီး ဖြစ်ချင်တယ်၊
တစ်ခါတစ်လေကျ သော့ချိတ်အမျိုးမျိုးပြောင်းတတ်တဲ့
ငွေရောင်လက်ကိုင်ဖုန်းလေး ဖြစ်ချင်တယ်။
တောင်ပံမပါတဲ့ ရက်စွဲတွေကို
ခေါင်းအုံးအိပ်ရတာဟာ
ငါ့အတွက်တော့
သံသရာတွေ ခြားနေရသလိုပဲ။
ပြောပြချင်ပါသေးတယ်
ဒီမြစ်ကိုကျော်ရင်၊
ဒီတောင်ကိုကျော်ရင်၊
မင်းကိုငါ  ပြောပြချင်ပါသေးတယ်။
တို့ များဘ၀တွေက
မိုးရွာပြီးစ ညနေခင်းတွေလို။
ဟွန်းသံကင်းမဲ့ဇုန်ရဲ့
သနပ်ခါးပါးပါးကိုယ်သင်းနံ့ လေးရေ
ရေသန်ဘူးခွံမရှိတော့တဲ့
ကားမှတ်တိုင်လေးနံဘေးမှာ
မင်းရှိရာ ငါပြေးမလာနိုင်ခဲ့ဘူး။
ကဲ...ကြည့်
မလွမ်းဘူး၊မလွမ်းဘူးဆိုပြီး
မလွမ်းဖူးသလိုမျိုး
လွမ်းနေလိုက်မိတာ။
Friday, March 19, 2010
ကော်ဖီခွက်
ဖွင့်ထားတဲ့ ပြူတင်းပေါက်ကနေ
ဆောင်းရာသီတစ်ခု တိုးဝင်လာဖို့ ဆိုတာ
ကိုယ့်ခြေထောက်တွေမှာ
လျှပ်စစ်ဓာတ်အားအပြည့်အ၀ရနေမှ ဖြစ်လိမ့်မယ်။
ရန်ကုန်သား မဟုတ်တဲ့လူငယ်အဖို့ 
ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့ခိုတစ်ကောင်ဟာလည်း
အိပ်ခန်းရဲ့ ပိတ်လှောင်ပုံက
လွမ်းနေတဲ့စိတ်ကို
ကပိုကရိုဖြစ်စေတယ်။
သူနဲ့ ကျွန်တော်
လေအေးပေးစက်တပ်ထားတဲ့ ကဖီးဆိုင်လေးမှာထိုင်၊
ကိုင်ဆုပ်မရတဲ့ စကားစတွေနဲ့ 
မော်တော်ယာဉ်တွေကိုကြည့်ရင်း
နွေနေ့ လည်ခင်း များစွာ
အလကားရခဲ့ဖူးတယ်။
သူနဲ့ ကျွန်တော်
ပြောခဲ့ပြီးသားစကားတွေပြန်ပြောကြရင်း၊
ရောက်ခဲ့ပြီးသားနေရာတွေ ပြန်သွားကြရင်း၊
အိမ်ပြန်ချိန်လမ်းခွဲခဲ့ကြဖူးတယ်။
ပုသိမ်ဇာတိ၊မြစ်ဝကျွန်းပေါ်သူ နဲ့ 
အညာသားစစ်စစ်
နှစ်ဦးသားကြား
ထုတ်ဖေါ်ပြလို့ မရခဲ့တာတွေအများကြီး။
ကျွန်တော်
လက်ပတ်နာရီမပတ်တတ်သေး၊
ဖိနပ်ပါးပါးကိုပဲ အမြတ်တနိုးစီးဆဲ၊
သူမ
ဟိုအရင်လို ဆံပင်တိုတိုပဲလား၊
ဟာသအသေးအမွှားလေးတွေကို
အူလှိုက်သည်းလှိုက်ရယ်တတ်နေတုန်းပဲလား။
ရာသီဥတုပူသည်၊
မီးမလာပါ၊
သစ်ရွက်ခြောက်များ ကြွေနေကြသည်။
ကော်ဖီခွက်ဆေးဖို့ 
အချိန်မရှိတော့ဘူး၊
လွမ်းတယ်ဆိုတာ
တကယ်တော့
တစ္ဆေအခြောက်ခံရသလိုပဲ။
Monday, March 15, 2010
နွေဦးကာလ မြူထသောခါ
ချွေးဒီးဒီးကျနေတဲ့ သက်ပြင်းထဲကို
နောက်ဆုံးရ ငလျင်သတင်းတွေ တိုးဝင်လာတယ်။
မီးခိုးခေါင်းတိုင်နဲ့  မလွတ်တဲ့ တောင်လေဟာ
သနပ်ခါးပါးကွက်ကြား ဓာတ်ပုံအဟောင်းလေးပေါ်ကို
နွေရာသီတစ်ခု သွန်ချပစ်ဖို့ 
ဝန်မလေးခဲ့ဘူး။
သီချင်းတစ်ပုဒ်မှ မဆိုဖြစ်လိုက်တဲ့
နွေနေ့ လည်ခင်းက
ကျွန်တော့် ဖြစ်တည်မှုကို
လွန်ခဲ့သောနှစ်များဆီ ခုတ်မောင်းပို့ လို့ ။
ကျွန်တော့်မှာ
ငယ်ချစ်ဦးလေး
မခင်အေး ဆိုတာရှိခဲ့ဖူးတယ်။
စက်ဘီးမစီးတတ်တဲ့ ထီးနီနီကလေး။
တပေါင်းလဆန်း ဗေဒင်ဟောစာတမ်းတစ်ခုမှာ
မြေလတ်ဘူတာရုံလေးထဲက တိုင်ကပ်နာရီဟာ
နေ့ လည် နှစ်နာရီ၊သုံးဆယ့်ရှစ်မိနစ်မှာ ရပ်လို့ ။
နေက ပူလွန်းတယ်၊
ထီးရိပ်မခိုဖူးတဲ့ ထနောင်းပင်တွေဟာ
သနပ်ခါးပါးကွက်ကြားနဲ့  ကောင်မလေးကို
စကားစတွေ ပြောပေးနိုင်လိမ့်မယ် မထင်ဘူး။
ကံတရားရဲ့ ပွဲမှာ
ရထားသံလမ်းကြီးဟာ
ပုံပြောဆရာတစ်ယောက်ပေါ့။
မြူခြေဆိုင်းတဲ့ တောင်တန်းတွေ ကျန်ခဲ့တယ်၊
ဂျပန်စက်ဘီး အစိမ်းရောင်လေး ကျန်ခဲ့တယ်၊
ရေခမ်းနေတဲ့ ထိန်ကန်ကြီး ကျန်နေခဲ့တယ်။
ကျွန်တော့်မှာ
ငယ်ချစ်ဦးလေး
မခင်အေးဆိုတာ ရှိခဲ့ဖူးတယ်။
သူမက
စက်ဘီးမစီးတတ်တဲ့ သနပ်ခါးပါးကွက်ကြားလေး။
Sunday, March 7, 2010
ကမ္ဘာပျက်၍ / ပြတ်ရွေ့ ကြောင်းများဖြင့် / ကမ္ဘာပျက်ခြင်း
ဒီနေ့ ကမ္ဘာပျက်တယ် ..
တောမီးလောင်သလိုမျိုး .. စကားလုံးတွေ
အပြိုင်းအရိုင်း .. ကိုယ့် ဆီ တိုးဝင်လာကြ .. ။
သူမ ပုတ်ချခဲ့တဲ့ နှင်းဆီဝါ၀ါလေးမှာ ..
ကိုယ့် ၀င်သက်ထွက်သက်တွေ ..
၉၉ ရာနှုန်း .. ပါသွားတယ် ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း ..
သေချာအောင် .. ကိုယ့်ကိုယ်ကိုယ် ဆွဲဆိတ်ကြည့်မိတယ် ။
ကြိုးမိန့်ပေးသံတွေ ကြားတယ် .. ။
လေတိုးသံတွေ ကြားတယ် .. ။
ခေါင်းငိုက်စိုက်ကျသွားတဲ့ ညနေခင်းလေး ..
ကိုယ့် အိတ်ကပ်ထဲမှာ ခပ်နွမ်းနွမ်း ပြုံး လို့ .. ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း ..
နွေနေ့လည်ခင်းက ပူစပ်ပူလောင် ထောက်ခံတယ် ... ။
ဒီနေ့ ကမ္ဘာပျက်ပါမယ် ရှင် .. လို့ ..
ရေဒီယိုက ကြေငြာခဲ့သလား .. ?
နားထောင်လိုက်ရသူများ .. ဆိတ်ငြိမ်ပေးပါ .. ။
စိတ်ငြိမ်ဆေး သောက်ဖို့ လိုနေပြီ ထင်တယ် .. ။
ကမ္ဘာပျက်ပြီးတဲ့နောက် ..
လမ်းပန်းဆက်သွယ်ရေး အရင်လို ကောင်းပါ့မလား .. ။
ကဗျာတွေ အရင်လို ရေးနိုင်ပါဦးမလား .. ။
စီးကရက် မီးခိုးငွေ့ တွေထဲ အရင်လို ရှာနိုင်ပါဦးမလား .. ။
မျက်ရည်စိုနေတဲ့ မိုးတွေ ရယ် .. ၊
မိုးရေစိုနေတဲ့ မြက်တွေရယ် .. ၊ အရင်လို ရှိပါဦးမလား ... ။
စမ်းချောင်းထဲ အရင်လို လမ်းလျှောက်နိုင်ပါဦးမလား .. ။
လား ၊ လား ၊ လား ၊ လား ။
`လား´ ပေါင်းများစွာနဲ့ ငိုင်နေစဉ်မှာပဲ ..
ကိုယ့် နှင်းဆီဝါလေး `ဖတ်´ ခနဲ ..
ပုတ်ချခံလိုက်ရတယ် .. ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း နိမိတ်ပုံတွေ ပေါ်ထွန်းခဲ့သလား ။
ကမ္ဘာပျက်နေချိန် ...
တစုံတယောက် .. ခေါင်းစွပ်အင်္ကျီအနက်ရောင်လေးဝတ်ပြီး
အိပ်ပျော်နေမလား ... ။
တစုံတယောက် .. စာမေးပွဲနီးလို့ စာတွေပဲ ဖိကျက်နေမလား ။
ကမ္ဘာပျက်တဲ့အကြောင်း သတင်းပေးဖို့
သူမ ဖုန်းနံပတ် ကိုယ့်ဆီမှာ မရှိဘူး ။
ကိုယ့် ဘီရိုအံဆွဲထဲက ဂျယ်လီလေး ..
ကမ္ဘာပျက်တဲ့ထဲ ပါသွားမလား .. ။
သူမ မိုးပေးခဲ့တဲ့ ကိုယ့်အိမ်လေးမှာ
ခရမ်းရောင် သက်တန့်တွေ ပွင့်နေမှာပါ .. ။
ကြယ်မြင် လမြင် .. ပျက်နေတဲ့ ကမ္ဘာမှာ
ကိုယ့် အခန်းစုတ်ထဲက တစ်ခြမ်းပြတ် ကြယ်လေးတွေ
သတိရတိုင်း ထထ လင်းနေတုန်းပဲ ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း သေချာအောင် ..
ကိုယ့်ကမ္ဘာကို ကိုယ်တိုင် ပြန်ဖျက်ကြည့်မိတယ် .. ။
ဆူးခက်မင်း
7.3.2010
(အခုတလော ကျွန်တော် ဖတ်မိသမျှထဲမှာ သဘောကျမိတဲ့ ကဗျာလေးပါ)
Friday, March 5, 2010
ရန်ကုန်မြို့ ရဲ့ စကားထာများ
စိန်ပန်းတွေ အတုံးအရုံး
ကားဟွန်းသံတွေ အလဲလဲအကွဲကွဲနဲ့ 
စီးထားတဲ့ဖိနပ်က ကင်ဆာရောဂါအမြစ်တွယ်လာတယ်။
ရောမရောက်ရင် ရောမလိုကျင့်ရမယ်
ရန်ကုန်ရောက်ရင် ရန်ကုန်လိုကျင့်ရမယ်
တစ်ခါသုံးဘာသာဗေဒ၊
တစ်ခါသုံးဆေးထိုးအပ်၊
တစ်ခါသုံးချစ်မေတ္တာ၊
တကယ်ဆို ကားကြားယာဉ်ကြားမှာ
မီးတောက်အရက်လောက် မပြင်းဘူး။
မိန်းမလှလေးတွေ စိတ်ကောက်တာ
သိပ်ကြောက်ဖို့ ကောင်းတယ်။
ပလက်ဖေါင်းဘေးက ကဖီးဆိုင်လေးထဲမှာ
အခြေခံလူတန်းစားကို ကိုယ်စားပြုတဲ့
ရေနွေးကရားလေး ငိုင်လို့ ၊
ဓါတုဆိုးဆေးတွေနဲ့  ပြုစားတယ်။
ကိုယ်က
၄၈ ဘတ်စ်ကားတိုးစီးတဲ့
ရေကြောင်းအင်ဂျင်နီယာကျောင်းသား၊
အမှားလက္ခဏာတွေကို လွယ်အိတ်ထဲထည့်ထားတဲ့လူ။
သူမက
နောက်ဆုံးပေါ်ကားနဲ့ 
ကျောင်းသွားတဲ့ မင်းကြိုက်စိုးကြိုက်။
ကားနဲ့ တိုက်သတ်သလိုပဲ။
ဆလိုက်မီးတွေက
ကာလာစုံခြယ်ထားတဲ့ ခြေသည်းလှလှလေးတွေလို
တကယ်ဆို
သံယောဇဉ်ထူထူထဲထဲနဲ့ 
ဂျင်းဘောင်းဘီဝတ်ရတာ အဆင်မပြေလှဘူး၊
နိယာမဆိုတာ
ကွန်ကရစ်လမ်းမကြီးလောက်မှ
မဖြောင့်ဖြူးတာ။
မိန်းမလှလေးတွေ
စိတ်ကောက်ရင် သိပ်ကြောက်ဖို့ ကောင်းတယ်၊
နောက်နောင်
ညနက်နက်ထဲ ပိတ်မိပြီး မမှောင်ရအောင်
အိပ်ဆေးတစ်ထုပ်ဆောင်ထားတော့မယ်။
ကားကြား ယာဉ်ကြားထဲ
အတိတ်နဲ့ လူနဲ့ လည်း မကွဲလှပါဘူး။