rss
Twitter Delicious Facebook Digg Stumbleupon Favorites
Friday, March 5, 2010
ရန်ကုန်မြို့ ရဲ့ စကားထာများ
စိန်ပန်းတွေ အတုံးအရုံး
ကားဟွန်းသံတွေ အလဲလဲအကွဲကွဲနဲ့ 
စီးထားတဲ့ဖိနပ်က ကင်ဆာရောဂါအမြစ်တွယ်လာတယ်။
ရောမရောက်ရင် ရောမလိုကျင့်ရမယ်
ရန်ကုန်ရောက်ရင် ရန်ကုန်လိုကျင့်ရမယ်
တစ်ခါသုံးဘာသာဗေဒ၊
တစ်ခါသုံးဆေးထိုးအပ်၊
တစ်ခါသုံးချစ်မေတ္တာ၊
တကယ်ဆို ကားကြားယာဉ်ကြားမှာ
မီးတောက်အရက်လောက် မပြင်းဘူး။
မိန်းမလှလေးတွေ စိတ်ကောက်တာ
သိပ်ကြောက်ဖို့ ကောင်းတယ်။
ပလက်ဖေါင်းဘေးက ကဖီးဆိုင်လေးထဲမှာ
အခြေခံလူတန်းစားကို ကိုယ်စားပြုတဲ့
ရေနွေးကရားလေး ငိုင်လို့ ၊
ဓါတုဆိုးဆေးတွေနဲ့  ပြုစားတယ်။
ကိုယ်က
၄၈ ဘတ်စ်ကားတိုးစီးတဲ့
ရေကြောင်းအင်ဂျင်နီယာကျောင်းသား၊
အမှားလက္ခဏာတွေကို လွယ်အိတ်ထဲထည့်ထားတဲ့လူ။
သူမက
နောက်ဆုံးပေါ်ကားနဲ့ 
ကျောင်းသွားတဲ့ မင်းကြိုက်စိုးကြိုက်။
ကားနဲ့ တိုက်သတ်သလိုပဲ။
ဆလိုက်မီးတွေက
ကာလာစုံခြယ်ထားတဲ့ ခြေသည်းလှလှလေးတွေလို
တကယ်ဆို
သံယောဇဉ်ထူထူထဲထဲနဲ့ 
ဂျင်းဘောင်းဘီဝတ်ရတာ အဆင်မပြေလှဘူး၊
နိယာမဆိုတာ
ကွန်ကရစ်လမ်းမကြီးလောက်မှ
မဖြောင့်ဖြူးတာ။
မိန်းမလှလေးတွေ
စိတ်ကောက်ရင် သိပ်ကြောက်ဖို့ ကောင်းတယ်၊
နောက်နောင်
ညနက်နက်ထဲ ပိတ်မိပြီး မမှောင်ရအောင်
အိပ်ဆေးတစ်ထုပ်ဆောင်ထားတော့မယ်။
ကားကြား ယာဉ်ကြားထဲ
အတိတ်နဲ့ လူနဲ့ လည်း မကွဲလှပါဘူး။
9 comments:
သူရဿဝါ said...
တကယ်ဆို
သံယောဇဉ်ထူထူထဲထဲနဲ့ 
ဂျင်းဘောင်းဘီဝတ်ရတာ အဆင်မပြေလှဘူး၊
း))
လင်းဒီပ said...
"တစ်ခါသုံးဘာသာဗေဒ၊
တစ်ခါသုံးဆေးထိုးအပ်၊
တစ်ခါသုံးချစ်မေတ္တာ၊
တကယ်ဆို ကားကြားယာဉ်ကြားမှာ
မြို့ ပြရဲ့ အသည်းကွဲခြင်းဓလေ့က
မီးတောက်အရက်လောက် မပြင်းဘူး။"
"ကိုယ်က
၄၈ ဘတ်စ်ကားတိုးစီးတဲ့
ရေကြောင်းအင်ဂျင်နီယာကျောင်းသား၊
အမှားလက္ခဏာတွေကို လွယ်အိတ်ထဲထည့်ထားတဲ့လူ။”
“သူမက
နောက်ဆုံးပေါ်ကားနဲ့ 
ကျောင်းသွားတဲ့ မင်းကြိုက်စိုးကြိုက်။”
တစ်ပုဒ်လုံးအနေနဲ့ ဖတ်ရတာ အရမ်းအားပါတဲ့ကဗျာလေးပါပဲ..
စူးစူးရှရှ ဖြစ်သွားတဲ့ အပိုဒ်ကလေးတွေတော့ ရွေးထုတ်မိတယ်...။
mgpyone said...
domain ၀ယ်ပေးရတာ တန်သွားပီ. ကိုမိုးလှိုင်ညဆီမှာ တွေ့လို့ ဒီဘက်ရောင်လာတာ.. သိတော့သိလိုက်ပါတယ်..
"ကိုယ်က
၄၈ ဘတ်စ်ကားတိုးစီးတဲ့
ရေကြောင်းအင်ဂျင်နီယာကျောင်းသား၊
အမှားလက္ခဏာတွေကို လွယ်အိတ်ထဲထည့်ထားတဲ့လူ။”
လို့ဆိုတည်းက အင်း.. ဒီကောင်ကြီးပဲ နေမှာပါလို့..
ကြိုက်တာကတော့
"ငွေကြေးရဲ့ လိုအပ်ချက်က
လူငယ်ဘ၀ရဲ့ အိပ်မက်ကို
ကားနဲ့ တိုက်သတ်သလိုပဲ။"
မိုက်သကွာ.. =D
ကောင်းကင်ကို said...
ငွေကြေးရဲ့ လိုအပ်ချက်က
လူငယ်ဘ၀ရဲ့ အိပ်မက်ကို
ကားနဲ့ တိုက်သတ်သလိုပဲ။
မိန်းမလှလေးတွေ
စိတ်ကောက်ရင် သိပ်ကြောက်ဖို့ ကောင်းတယ်၊
နောက်နောင်
ညနက်နက်ထဲ ပိတ်မိပြီး မမှောင်ရအောင်
အိပ်ဆေးတစ်ထုပ်ဆောင်ထားတော့မယ်။
မိုက်လှချည်လားညီ။ ဖတ်ရတာ အရသာ ရှိလိုက်တာ။
ညီစိမ်း said...
တစ်ခုမေးမယ် ။
နွေရာသီတိုင်း မိုးမရွာဖူးလို့ ဘယ်သူပြောလဲ ညီ ။း)
ဇာဏီ said...
ညီရ.....
အစ်ကိုလည်း ရန်ကုန်ဆိုပြီး တစ်ပုဒ်ရေးမိတယ်ကွာ
ညီ့လောက်တော့ အားမပါဘူး
လာဖတ်ပါဦး ဟီး
ပီတိ said...
တကယ်ဆို ကားကြားယာဉ်ကြားမှာ
မြို့ ပြရဲ့ အသည်းကွဲခြင်းဓလေ့က
မီးတောက်အရက်လောက် မပြင်းဘူး။ ဆိုပဲ ။
ဒီကဗျာဆရာ အသဲမကွဲသေးဘူးထင်ပါ့ ။ :)
အားပေးသွားပါတယ်။
wave said...
"ကိုယ်က
၄၈ ဘတ်စ်ကားတိုးစီးတဲ့
ရေကြောင်းအင်ဂျင်နီယာကျောင်းသား၊
အမှားလက္ခဏာတွေကို လွယ်အိတ်ထဲထည့်ထားတဲ့လူ။”
ကြိုက်၏။ ကိုနေ့သစ်ရေ ။
inle said...
ညီလေးရေ....ကဗျာတစ်ပုဒ်လုံးကို ကြိုက်တယ်
အကြိုက်ဆုံးတွေကတော.
............ငွေကြေးရဲ့ လိုအပ်ချက်က
............လူငယ်ဘ၀ရဲ့ အိပ်မက်ကို
............ကားနဲ့ တိုက်သတ်သလိုပဲ။
ညီလေးရဲ.အိပ်မက်တွေ ကားနဲ.တိုက်သတ်မခံရဖို.ကိုယ်မျှော်လင်.ပါတယ်ကွာ