rss
Twitter Delicious Facebook Digg Stumbleupon Favorites
Friday, March 19, 2010
ကော်ဖီခွက်
ဖွင့်ထားတဲ့ ပြူတင်းပေါက်ကနေ
ဆောင်းရာသီတစ်ခု တိုးဝင်လာဖို့ ဆိုတာ
ကိုယ့်ခြေထောက်တွေမှာ
လျှပ်စစ်ဓာတ်အားအပြည့်အ၀ရနေမှ ဖြစ်လိမ့်မယ်။
ရန်ကုန်သား မဟုတ်တဲ့လူငယ်အဖို့ 
ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့ခိုတစ်ကောင်ဟာလည်း
အိပ်ခန်းရဲ့ ပိတ်လှောင်ပုံက
လွမ်းနေတဲ့စိတ်ကို
ကပိုကရိုဖြစ်စေတယ်။
သူနဲ့ ကျွန်တော်
လေအေးပေးစက်တပ်ထားတဲ့ ကဖီးဆိုင်လေးမှာထိုင်၊
ကိုင်ဆုပ်မရတဲ့ စကားစတွေနဲ့ 
မော်တော်ယာဉ်တွေကိုကြည့်ရင်း
နွေနေ့ လည်ခင်း များစွာ
အလကားရခဲ့ဖူးတယ်။
သူနဲ့ ကျွန်တော်
ပြောခဲ့ပြီးသားစကားတွေပြန်ပြောကြရင်း၊
ရောက်ခဲ့ပြီးသားနေရာတွေ ပြန်သွားကြရင်း၊
အိမ်ပြန်ချိန်လမ်းခွဲခဲ့ကြဖူးတယ်။
ပုသိမ်ဇာတိ၊မြစ်ဝကျွန်းပေါ်သူ နဲ့ 
အညာသားစစ်စစ်
နှစ်ဦးသားကြား
ထုတ်ဖေါ်ပြလို့ မရခဲ့တာတွေအများကြီး။
ကျွန်တော်
လက်ပတ်နာရီမပတ်တတ်သေး၊
ဖိနပ်ပါးပါးကိုပဲ အမြတ်တနိုးစီးဆဲ၊
သူမ
ဟိုအရင်လို ဆံပင်တိုတိုပဲလား၊
ဟာသအသေးအမွှားလေးတွေကို
အူလှိုက်သည်းလှိုက်ရယ်တတ်နေတုန်းပဲလား။
ရာသီဥတုပူသည်၊
မီးမလာပါ၊
သစ်ရွက်ခြောက်များ ကြွေနေကြသည်။
ကော်ဖီခွက်ဆေးဖို့ 
အချိန်မရှိတော့ဘူး၊
လွမ်းတယ်ဆိုတာ
တကယ်တော့
တစ္ဆေအခြောက်ခံရသလိုပဲ။
6 comments:
အိုင်လွယ်ပန် said...
ဇာတ်လမ်းတစ်ပုဒ်
ပြန်ကြည့်နေရသလိုပါပဲ ...။
ကော်ဖီခွက်ဆေးဖို့ 
အချိန်မရှိတော့ဘူး၊
လွမ်းတယ်ဆိုတာ
တကယ်တော့
တစ္ဆေအခြောက်ခံရသလိုပဲ ..။
အပိတ် လေးလှတယ်ဗျ ..။
လင်းဒီပ said...
ဒီအညာသားလေးခမျာ မြစ်ဝကျွန်းပေါ်သူလေး အဖွဲ့အနွဲ့မှာ လမ်းပျောက်နေပြီ ထင်ပါရဲ့.. :)
တို့တွေကတော့
ပုသိမ်မြို့ကြီးအကြောင်း...
ထနောင်းပင်တွေအကြောင်း...
ဇာတ်လမ်းရဲ့အလည်ဗဟို ရန်ကုန်မြို့ကြီးအကြာင်း ကဗျာလေးတွေ စောင့်ဖတ်ရုံ...
ဇာဏီ said...
သတိမထားမိလို့ပါ
ညီ သတိထားမိရင်
ဘေးဝိုင်းက အစ်ကို့ကိုပါ.. ထည့်ရေးမလားပဲ
မြင်ယောင်မိတယ်..
မေခင် said...
သူများဆိုက်က ကဗျာတွေလာဖတ်တော့ ကိုယ့်ကို
အားငယ်လိုက်တာ
နန်း said...
အညာကိုလွမ်းနေတယ်ပေါ့လေ
mirror said...
ကိုနေ့သစ်ရေ.. ကျမဒီကဗျာလေးကို ဆိုဒ်ဘားမှာ မျှချင်လို့ပါ။ ဖြစ်မလား လာမေးတား)
လေးစားခင်မင်လျက်...