rss
Twitter Delicious Facebook Digg Stumbleupon Favorites

Wednesday, April 14, 2010

ရေတံခွန်အတု

အဲဒါ
သူမအရိပ်ကျခဲ့ဖူးတဲ့
မြေနေရာပေါ့။

ကျွန်တော်ဟာ
လေထီးပါမလာတဲ့ နွေညတစ်ညလို
စက္ကူပန်းနဲ့ ချိန်ရွယ်ပစ်ချတာကို ခံရတယ်။

လူငယ်ဆိုတာ
အသည်းကွဲနေတဲ့မိုးတိမ်လိုပဲ။

လရောင်ကိုဖျော်သောက်၊
အိပ်မက်ကို သင်္ဘောဆေးသုတ်၊
ပြီးတော့
လေယာဉ်ပျံလုပ်တမ်းကစားမယ်။

ကောင်းကင်ဘုံ မလိုပါဘူးကွယ်
လယ်တောတစ်ခုအ၀င်မှာ
ရေအိုးစင်ကလေး ရှိနေရင်ပဲ
ညနေခင်းထဲ ပျော်ဝင်နိုင်ပါတယ်။

အိပ်မက်ဆိုတာ
ရွှေနဲ့ ဆက်ဝယ်ရတာမှ မဟုတ်တာ။

ငါတို့ တွေဟာ
ညခင်းသာသာမှာ
လမင်းချော့မြူ
အိပ်မက်တူဖူးသူတွေ။

အသံဝင်နေတဲ့ခေါင်းလောင်းတွေဟာ
နွေဦးရဲ့ ကဗျာကို ဆိုကြတယ်။

နေရောင်နဲ့ မတည့်တဲ့သစ်ရွက်တွေကြား
တို့ တွေ ပိုလို့ များဝေးသွားသလား။

မိုးတိမ်တွေပေါ်တက်ထိုင်ပြီး
မေးခွန်းတွေကြား ဒန်းစီးနေလိုက်ချင်တယ်။

အဲဒါ
သူမအရိပ်ကျခဲ့ဖူးတဲ့
မြေနေရာပေါ့။

(၁၄.၄.၂၀၁၀)

1 comments:

သူရဿဝါ said...

အဲဒါ . . . သူမ အရိပ်ကျခဲ့ဖူးတဲ့ မြေနေရာပေါ့ ... တဲ့ .. ခင်ဗျားကမှ အဲဒီမြေနေရာလေး ကြည့်ပြီး . . . အလွမ်းဖြေလို့ရသေးတယ် . . . .
ကျနော့်မှာ ဆေးတောင်မမှီ . . .
း))