ငါတို့ ရန်ကုန်မြို့ ကြီးပေါ်ကို အပူလှိုင်းကျနေတယ် တည်ကြည်ခင်
အရင်လိုပဲ ...
မော်တော်ကားတွေ တ၀ီဝီ
လမ်းသွားလမ်းလာတွေ တစီစီ
ခိုပြာအုပ်တွေ တအီအီနဲ့ ၊
နင် ကိစ္စအ၀၀မှာအဆင်ပြေပါရဲ့ လား
ဒီရာသီမှာ ငါတို့ မန်ယူအသင်း ဖလားမရနိုင်တော့ဘူးတဲ့
နင့်ကိုငါ တီးပြခဲ့ဖူးတဲ့
ပီယာနိုသံပေါက်နေတဲ့ ငါ့ဂစ်တာအဟောင်းလေး
မနေ့ ကပဲ ငါ့ညီတစ်ယောက်ကို ပေးပစ်လိုက်ပြီ။
တည်ကြည်ခင် ... တည်ကြည်ခင်တဲ့
ဒီနာမည်လေးကို မေ့ဆေးအနေနဲ့ ငါသောက်လိုက်မိတယ်
အမှန်အတိုင်းဝန်ခံရရင်
နင့်ကိုငါ ငယ်ငယ်တုန်းက ကြည့်မရခဲ့ဘူး
အခုတော့ သံယောဇဉ်တွေ ဆူးပြီထင်ပါရဲ့ ဟာ၊
နင်တို့ ထီးတန်းအိမ်ယာရှေ့ 
သဲကွင်းမှတ်တိုင်ကိုရောက်တဲ့ဘတ်စ်ကားတွေ
ငါ့ကိုမြင်ရင် ထွက်ပြေးကုန်ကြသလိုပဲ၊
နင်တို့ တိုက်ခန်းက ချထားတဲ့ခေါင်းလောင်ကြိုးလေး
အခု ဘာအရောင်ပြောင်းသွားပြီလဲ၊
အပေါ်ထပ်က ငါ့အစ်မ၀မ်းကွဲနဲ့ 
နင့်အမေအန်တီလတ်တို့ 
အရင်လိုပဲ ဟိုအကြောင်းဒီအကြောင်းတွေ
မုန်တိုင်းတိုက်နေတတ်တုန်းပဲလား။
တည်ကြည်ခင်ရေ
သူငယ်ချင်းဆိုတာ
မူးယစ်ဆေးဝါးကင်းစင်တဲ့ ဗင်းနစ်မြို့ ကြီးလေ၊
ပန်းချီကားတွေ ရှိတယ်၊အလှတရားတွေ ရှိတယ်
ပြီးတော့ မမြင်နိုင်တဲ့အပ်ချည်ကြိုးလေးတွေနဲ့ ။
ဒီစကားကိုကြားရင်
ရဲလင်းအောင်ဆိုတဲ့ကောင်ကြီး
လျှို့ ဝှက်ချက်တစ်ခုခုကို သိနေသလိုပုံစံမျိုးနဲ့ 
ငါ့ကို ပြုံးပြလိမ့်ဦးမယ်ထင်တယ်၊
ပြုံးပါစေလေ ...
ဒီကောင်ကြီးက ငယ်ငယ်တည်းက
ဘာမှန်းမသိ ညာမှန်းမသိ ဒီလိုပြုံးပြုံးပြနေကျပဲဟာ။
နင် အဆင်ပြေရဲ့ လား
ကိစ္စအ၀၀မှာ အဆင်ပြေပါရဲ့ လား တည်ကြည်ခင်၊
ဘုရားတရားနဲ့ မိဘဆရာသမားကို မမေ့နဲ့ 
အိပ်ရေးဝအောင် အိပ်ပါ၊
တစ်နေ့ ကတောင် နင့်အကြောင်းတွေ ပြောဖြစ်သေးတယ်
ကိုညီစိမ်းတဲ့ ... နင်သိတယ်မလား
သဘောကောင်းကောင်း၊မျက်နှာချိုချိုနဲ့ 
ဘယ်တော့မှ အိပ်ရေးမ၀တဲ့ အစ်ကိုလေ။
နင် ဟိုကို ဘယ်တော့ သွားမလဲ
နင် ဘယ်တော့ ပြန်လာမလဲ
ငါ့မေးခွန်းတွေကို မဖြေလိုက်ပါနဲ့ 
ငါကတော့ ...
လက်ဖက်ရည်ဆိုင်ထိုင်ရင်း
စိမ်းနေတဲ့ မီးပွိုင့်တွေနီလာတာကို စိတ်မရှည်စွာစောင့်ရင်း
ရေကြောင်းတက္ကသိုလ်ယူနီဖေါင်းကို ဖရိုဖရဲဝတ်ရင်း
မြန်မာထမင်းဟင်းကိုပဲ
အမြတ်တနိုးစားဖြစ်နေဦးမယ် ထင်တယ်။
နင် အဆင်ပြေပါစေ တည်ကြည်ခင်
ငါ့ကို ကျေးဇူးတင်စကားပြောစရာမလိုအောင်
နင် အဆင်ပြေပါစေ။
အစ်ကို ညီစိမ်းရေ ...
ကျွန်တော့် နားရွက်ကြားက ပန်းပွင့်ဖြူဖြူလေးတွေ
ပြုတ်ကျကျန်ခဲ့လေသလား၊
ပြည်သူ့ ရင်ပြင်ရှေ့ က သစ္စာစကားနဲ့ သီချင်းအေးအေး
သူ့ အကြောင်းတွေးမိတိုင်း
ကျွန်တော့်ခြေထောက်တွေ လေးနေတယ်။
ဟုတ်တယ် အစ်ကို
သူငယ်ချင်းဆိုတာ မိုးကောင်းကင်နဲ့ တူတယ်၊
လေထုကြီးနဲ့ တူတယ်၊
သံသရာထဲက ရေစက်ရေပွင့်ကလေးတွေနဲ့ တူတယ်။
သူငယ်ချင်းဆိုတာ ...
ဘယ်တော့မှ နေမ၀င်ဘူး။