rss
Twitter Delicious Facebook Digg Stumbleupon Favorites
Wednesday, July 14, 2010
ကျွန်တော်နှင့်ထနောင်းပင်များ-၁
ချည်စောင်အဟောင်းအနွမ်းတစ်ထည်ကို ခြုံပြီး
ရေမြင်းပါးစပ်ထဲမဆင်းမီ တစ်ညအလိုက
နောက်ဆုံးဆေးတစ်ခွက် သောက်မသွားဘဲ
တိုက်ပွဲထဲ အမေကျခဲ့တယ်။
ကျွန်တော့်လက်မှာ
ခြောက်တန်းမြန်မာဖတ်စာအုပ်လေးရယ်၊
မြင်းခွာသံတွေရယ်၊
သူတို့ ပြောနေကြတဲ့စကားထဲ
ကျီးကန်းမဲမဲတွေကိုပဲ မြင်ရတယ်။
အမြှုပ်တစီစီထနေတဲ့ မီးခိုးမြူတွေ
အိပ်မက်အပြည်ထည့်ထားတဲ့ လွယ်အိတ်တစ်လုံးနဲ့ 
လောကငရဲကနေ ကိုယ့်ကိုယ်ကို ရွေးယူဖို့ 
မတတ်နိုင်ခဲ့ဘူး။
အဲဒီတုန်းက
လက်ပံပွင့်နီနီတွေကြားထဲ
ကျွန်တော့်ကို နှုတ်မဆက်ဘဲ
အမေ ထွက်သွားခဲ့သလို
ဘယ်သူ့ ကိုမှ နှုတ်မဆက်ဘဲ
ကျွန်တော် ထွက်လာခဲ့လိုက်တယ်။
ရက်စွဲကိုတွေကို အစိမ်းလိုက်စားဖို့ ကြံနေတဲ့ လူမိုက်၊
အရိုးခိုက်အောင်နာလှတဲ့ မော်တော်ကားသံနဲ့ 
ထနောင်းပင်တွေလို၊မိုးတိမ်လို၊
ဂျင်းဦးထုပ်အပြာလေးလို၊
ဘ၀ကို
ကားလက်မှတ်တစ်စောင်နဲ့ လောင်းကြေးထပ်ပြီး
မင်းကိုငါ အပြီးပိုင်နှုတ်ဆက်တယ်လို့ 
“အဖေ ကျန်းမာရေးဂရုစိုက်ပါ
အရက်တွေလည်း သိပ်မသောက်နဲ့ ”
သံချေးတက်နေတဲ့ မောင်မြန်မာ စက်ဘီးလေးကိုကြည့်ပြီး
ကောင်းကင်ပြာပြာကြီးကို ဖြဲပစ်လိုက်မိတယ်၊
မိုးစက်ကြမ်းကြမ်းတွေ ရွာချ၊
အစာရှာမရတဲ့ ငှက်တို့ အိမ်ပြန်ချိန်
အဖေရယ်၊အမေရယ်၊ကျွန်တော်ရယ်၊
လေတဖြူးဖြူးနဲ့ ထန်းတောကြီးရယ်၊
သက်ကယ်မိုးထရံကာအိမ်လေးက
ပြတင်းတံခါးတွေ ပွင့်လို့ ၊
သူတို့ စကားတွေထဲ
7 comments:
လင်းဒီပ said...
တချိန် အိမ်ပြန်နိုင်တဲ့အခါ အဖေရှိမယ် ထန်းတောတွေရှိမယ် စိတ်မနာတတ်တဲ့ မြို့ကလေး ရှိမယ် ။
ဒီတခါ မကွဲတော့ပါဘူးဆိုတဲ့ မောင်နေ့သစ် ဂွတ်တယ် :)
မောင်နွေသစ် said...
ထနောင်းပင်တန်းတွေ...
လွမ်းလှတယ်...ညီ...
မြတ်မွန် said...
ရင်နင့်စရာလေးပါပဲ..
mirror said...
အူးးးးးးးးးးးး ကောင်းလွန်းတဲ့ကဗျာပါပဲ။
ဖတ်ပြီး တခေါက်ထပ်သွားချင်မိရဲ့..။ဖြတ်သွားဖြတ်လာ ကသုတ်ကရက်နဲ့ မြင်းလှည်းလေးတွေနဲ့ စီကားတဲ့မြို့.. တောင်တော် ပုပ္ပါးနဲ့ထည်ဝါတဲ့မြို့..အဲ့ဒီမြို့မှာ ဒီကဗျာဆရာ ရှိနေခဲ့ဖူးတာ မသိခဲ့တာ နာတယ်။း)
ဥက္ကာကိုကို(သံတွဲ) said...
အိုးဂေါက်.... ကျီးကန်းမဲမဲတွေ.. ကျီးကန်းမဲမဲတွေ
ငါလည်းတွေ့လိုက်ရတယ်နေ့သစ်...
အဲဒီကျီးကန်းမဲမဲတွေ..................................................
Anonymous said...
ကောင်းလိုက်တာ... ကျီးကန်းမဲမဲတွေကိုမြင်ခဲ့တယ်
အဲဒီကျီးကန်းမဲမဲတွေ.............
jr said...
မြို့လေးရယ်၊ ကဗျာဆရာရယ်၊ အဖြစ်အပျက်တွေရယ်။