rss
Twitter Delicious Facebook Digg Stumbleupon Favorites
Sunday, September 5, 2010
ကျွန်တော့်သူငယ်ချင်းရယ်၊ကျွန်တော်ရယ်
ကျွန်တော့်သူငယ်ချင်းက ကြယ်မကြွေတဲ့ အရပ်ဆီ လမ်းလျှောက်တယ်
ကျွန်တော်က ဗန်ဂိုးကိုအားကျလို့ နားရွက်ဖြတ်ပစ်တယ်
ကျွန်တော့်သူငယ်ချင်းက ကျောက်သင်ပုန်းတစ်ချပ်လို ရယ်မောတဲ့အခါ
ကျွန်တော်က ဒုဌ၀တီမြစ်ကြီးကို မောင်းနှင်နေလိုက်တယ်
သံချောင်းခေါက်သံ ဆယ့်နှစ်ချက် ဆုံးသွားတော့
ကျွန်တော့်သူငယ်ချင်းဟာ ဖုန်းနံပါတ်လေးကိုခေါင်းအုံးအောက် ထိုးထည့်လိုက်တယ်
ကျွန်တော်တို့ အိပ်မက်ဟာ အီလက်ထရောနစ်ဖိနပ်တွေပေါ်မှာ
အီရတ်ကလေးငယ်တစ်ယောက်ရဲ့ ဘ၀အာမခံချက်၊
ယနေ့  မနက်စာက နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်၊
ဒေါ်လာဈေးကျလာတာနဲ့ အမျှ
ကျွန်တော့်သူငယ်ချင်းဟာ ခေါင်းတလားထဲ ၀င်အိပ်တယ်
ကျွန်တော့်သစ္စာတရားကတော့ ကျွန်တော့်ကိုထားပြီး ကားကြုံနဲ့ လိုက်သွားတယ်
ပင်လယ်ကဗွီးပင်လေးဟာ သေနတ်ပြောင်းဝကထွက်ကျလာတဲ့ မနက်ဖြန်ထဲမှာ၊
မီးခိုးရောင်ဝတ်စုံနဲ့ ဆောင်းရာသီအကြောင်း၊
သင်္ဘောဆေးတွေ၊အောင်မြင်ကျော်ကြားမှုတွေအကြောင်း၊
အန်နာကာရနီနာ ၀တ္ထုရှည်ကြီးအကြောင်း၊
ကျွန်တော့်သူငယ်ချင်းဟာ အမေရိကတိုက်ကို ရှာဖွေဖို့ ဆိုပြီး
ဖိနပ်မစီးဘဲ ပြောပြောဆိုဆိုနဲ့ ထွက်သွားတယ်၊
ကျွန်တော်က လွမ်းလွန်းလို့  ကျောက်စရစ်ခဲကို ခြေထောက်နဲ့ ကန်နေမိတယ်။
5 comments:
မိုးယံ said...
အစ်ကို က ဗန်ဂိုးကို အားကျပြီး နားရွက်ဖြတ်။ ကျွန်တော်လဲ။ ဒါဗင်ဂျီကို အားကျပြီး နားရွတ်ဖြတ်။
ကျွန်တော်လဲဝင်ကန်လိုက်သေးတယ် ။ ဂ ၀ံ ကျောက်တွေကို ဟီဟိ
ငြိမ်းချမ်းပါစေ
မိုးယံ
သိင်္ဂါကျော် said...
စကားလုံးတွေ အသက်ဝင်ပြီး ဖတ်လို့ကောင်းတဲ့ ကဗျာလေးပါ..
နောက်ခံ background ကြီးတော့ ပြောင်းသင့်တယ် မထင်ဘူးလား ဟင်.. သိပ်မမြင်ရလို့...
သူရဿဝါ said...
ဒီကဗျာ အရမ်းကြိုက်တယ် ....
ဘရာဗို said...
ကျွန်တော့်သူငယ်ချင်းဟာ ဖုန်းနံပါတ်လေးကိုခေါင်းအုံးအောက် ထိုးထည့်လိုက်တယ်
ကျွန်တော်က လွမ်းလွန်းလို့  ကျောက်စရစ်ခဲကို ခြေထောက်နဲ့ ကန်နေမိတယ်။
မောင်နွေသစ် said...
ဖြေးဖြေးကန်ညီ...ကျောက်စရစ်ခဲနဲ့
အုတ်ခဲမှားကန်မိဦးမယ်.... :P
ကဗျာလေး...ကြိုက်တယ်ညီ....
ခံစားသွားတယ်...