rss
Twitter Delicious Facebook Digg Stumbleupon Favorites

Friday, October 8, 2010

"သောကြာနေ့ ၊မနက် ၉ နာရီ၊လက်ဖက်ရည်ဆိုင်"




အားလုံးပြီးဆုံးသွားပြီ ဂျိုး
ဆွဲလက်စပန်းချီကားထဲ ကျုပ်ဝင်ထိုင်လိုက်တယ်။

မိုက်လို့ မကုန်နိုင်တဲ့လူငယ်ဘ၀မှာ
ဒဏ်ရာအနာတရဆိုတာ
ကိုလံဘတ်ရှာမတွေ့ ခဲ့တဲ့ နယ်မြေသစ်တွေပဲ ။

လမ်းထိပ်အုတ်ခုံမှာ ထိုင်ရင်း
ဆေးလိပ်ကို မီးမညှိဘဲသောက်ကြည့်ခဲ့ဖူးတယ်
သိပ်ထူးဆန်းတယ် ဂျိုး
ကျုပ်ဆံပင်တွေ ရှည်လာပြန်ပေါ့။

ရိုးသားမှုမပါဘဲ ဘတ်စ်ကားစီးရတာ သိပ်အဆင်မပြေလှဘူး
ခေတ်ကြီးဟာ အရက်မူးနေပြီ။

ကျော်ကြားမှု၊ငွေစက္ကူ
စစ်မှန်တဲ့ ချစ်မေတ္တာ၊အမှန်တရား
ပလက်ဖေါင်း၊ဖိုမဆက်ဆံရေး
ကျုပ်တို့ မှာ ရွေးချယ်စရာမရှိဘူး၊
ရွေးချယ်ခွင့်မရှိဘူး။

တစ်ခါတစ်လေမှာ
လူငယ်တွေရဲ့ စိတ်ဓာတ်ဟာ
အရာအားလုံးထက်ပိုမြင့်မြတ်တယ် ဂျိုး
မီးခိုးတန်းတွေ ခရီးသွားတယ်။

မှားတဲ့အခါ ခါးထောက်နေမယ်
မှန်တဲ့အခါ ဘယ်ကိုမှ မပြန်ဘူး
ပန်းချီကားထဲမှာ မိုးပိုသည်းနေပြီ။

အနုပညာနဲ့ ကိုယ်ကျင့်တရားမှာ
ကျောက်သင်ပုန်းဟာ အစိတ်စိတ်ကွဲကြေလို့ ၊
ကျုပ်ရှာဖွေတွေ့ တဲ့ အချစ်ဆိုတဲ့ တီရှပ်ထဲ
"အာဒံရဲ့ အချစ်ဦးဟာ ဧ၀မဟုတ်ဘူး"ဆိုတာပဲ ထွက်ကျလာတယ်။

ဂျိုးရေ ...
ကျုပ်စိုက်ခင်းတွေ အောင်မြင်ခဲ့ပါတယ်
အနုပညာ၊ချစ်ခြင်းမေတ္တာ၊သစ္စာတရား
အရာအားလုံးမှာ ကျုပ် လိပ်ပြာလုံတယ်။

တကယ်တော့ ဟီရိုရှီးမားဟာ
အနုမြူဒဏ်ကြောင့် ပြာကျခဲ့တာ မဟုတ်ဘူး။

ဒီနေ့ ကစပြီး
ရှုမျှော်ခင်းကို တစ်ဝက်ပဲ ကြည့်တော့မယ် ဂျိုး
အလှတရားကို ရိုးရှင်းတဲ့ ပုံစံမထုတ်ချင်တော့ဘူး။

ဒီနှစ်ထဲ ခေတ်ပေါ်မိန်းမတစ်ယောက်ကို ရိုးသားစွာချစ်မိတာလွဲလို့ 
ဘာအောင်မြင်မှုမှ မရှိဘူး၊
လူဆိုတာ ရူးနေတဲ့အမျိုးပဲ။

ကျုပ်တို့ ဝတ်ထားတဲ့အင်္ကျီ ဘာတံဆိပ်လဲ
ကျုပ်တို့ သွားနေတာ လမ်းနံပါတ် ဘယ်လောက်လဲ
ဖိနပ်စီးခဲ့ ဂျိုး
အချစ်၊ငွေ၊ကျော်ကြားမှု
ရာသီဥတုက အချိန်နဲ့ အမျှပြောင်းလဲတယ်။

ကျုပ်တို့  ဘောင်းဘီဝတ်တယ်
လမ်းလျှောက်တယ်
မုသားစကားပြောတယ်
အရက်သောက်တယ်။

ယုံကြည်ချက်အမှန်တရားဟာ
လကမ္ဘာပေါ်က အမေရိကန်အလံ၊
လူသားတွေ အောင်နိုင်ခဲ့ပါတယ်၊
လူငယ်တွေ အောင်နိုင်ခဲ့ပါတယ်။

ခေတ်ကို ဖြတ်မယ် ဂျိုး
တန်းတွေ ကွင်းတွေ ကိုင်ထားပါ
လိုအပ်ရင် ဘရိတ်သုံးမယ်။

-နေ့ သစ်

7 comments:

မိုးယံ said...

ခပ်ကြမ်းကြမ်းသာ ဖြတ်မောင်းလိုက်စမ်းပါ။ တန်းတွေ ကွင်းတွေကို ကိုင်ရုံတင်မဟုတ်ဘူး။ တိုင်ကိုပါ ခြေကန် ထားတယ်။ ကဲ ခေတ်ကို ဖြတ်ကြစို့


ငြိမ်းချမ်းပါစေ
မိုးယံ

မောင်နွေသစ် said...

မိုက်လို့ မကုန်နိုင်တဲ့လူငယ်ဘ၀မှာ
ဒဏ်ရာအနာတရဆိုတာ
ကိုလံဘတ်ရှာမတွေ့ ခဲ့တဲ့ နယ်မြေသစ်တွေပဲ ။

လူငယ်ဘ၀လေး...လွမ်းလိုက်တာညီရာ...။

အုပ်ကြီး said...

ဆေးလိပ်ကို မီးမညှိဘဲသောက်ကြည့်ခဲ့ဖူးတယ် ..
ဟုတ်တယ် ..
ဒီတစ်ခါတည်းပဲ သောက်ကြည့်ဖူးတယ်

Anonymous said...

My cousin recommended this blog and she was totally right keep up the fantastic work!

yan said...

"မှားတဲ့အခါ ခါးထောက်နေမယ်
မှန်တဲ့အခါ ဘယ်ကိုမှ မပြန်ဘူး
ပန်းချီကားထဲမှာ မိုးပိုသည်းနေပြီ။"
အခုရေးထားတဲ့ကဗျာကဘာကဗျာမျိုးလည်းဟင်...
ဒီလိုအရေးအသားတွေကိုအရမ်းကြိုက်တယ်...အဲ့တာကို
post moderm လို့ခေါ်တာလား...မသိလို့မေးတာပါ

Anonymous said...

ဒီကဗျာရဲ့ တပိုဒ်ချင်းစီတိုင်းကို ကြိုက်တယ်.
ဒါနဲ့...
အာဒံရဲ့ အချစ်ဦးဟာ ဧဝမဟုတ်ဘူးဆိုရင် ဘယ်သူများပါလိမ့်....


နေ့သစ်ရဲ့ ပရိတ်သတ်တဦး
မိုး..

Anonymous said...

ဒီကဗျာရဲ့ တပိုဒ်ချင်းစီတိုင်းကို ကြိုက်တယ်.
ဒါနဲ့...
အာဒံရဲ့ အချစ်ဦးဟာ ဧဝမဟုတ်ဘူးဆိုရင် ဘယ်သူများပါလိမ့်....


နေ့သစ်ရဲ့ ပရိတ်သတ်တဦး
မိုး..