rss
Twitter Delicious Facebook Digg Stumbleupon Favorites
Friday, February 26, 2010
ညအချိန် ကဖေးဆိုင်မျက်နှာစာ
Cafe' Terrace at Night, Place du Forum,Arles(1888)
Vincent Van Gogh
အဲဒီ့ညက
အဲဒီ့ညက
တိုက်ခန်းတံခါးကိုမော့မော့ကြည့်နေတဲ့ တစ္ဆေတစ်ကောင်
မှောင်လာလွန်းလို့ 
လူယောင်ဆောင်ထားလိုက်သတဲ့။
အဲဒီ့ညက
ကားမှတ်တိုင်ကြီး ငိုက်မြည်း
လမ်းမီး မလာဘူး။
အဲဒီ့ညက
မာနနဲ့ သိက္ခာကို ထိပါးစော်ကားတယ်။
အဲဒီ့ညက
ခုနစ်စဉ်ကြယ်အမြီးထောင်
အင်္ဂါဂြိုဟ်ပေါ်မှာ တောမီးလောင်သတဲ့။
အဲဒီ့ညက
ကိုယ့်ကိုယ်ကို ပြန်ရှိခိုး
မိုးကြိုးစက်ကွင်းထဲဝင်တိုးပစ်လိုက်တယ်။
အဲဒီ့ညက
ကျုပ်ကိုယ်ကျုပ် ဖမ်းချုပ်ပြီး
ခေါင်းအုံးအောက်မှာ ၀ှက်ထားလိုက်တယ်။
အဲဒီ့ညက
အစ္စရေးနဲ့ အီရန်အရေး
မတွေးမိခဲ့ဘူး။
ဒီလိုနဲ့ 
အဲဒီ့ညက
ကဗျာတစ်ပုဒ်မှ မရလိုက်ဘူး။
Wednesday, February 24, 2010
ဖြတ်လျှောက်
ဝါးသေနတ်လေးနဲ့ 
ကမ္ဘာကြီးကို ပြန်ပေးဆွဲခဲ့သလိုမျိုးပ၊
မမှီမကမ်းမက်ခဲ့တဲ့ အိပ်မက်တွေကြား
လပြည့်ညကလေးဟာ
ကာလသားဆန်ဆန် မော်တော်ကားနံ့  နံတယ်၊
ချစ်နေခဲ့ရသူကို
ချစ်နေရသူကို
ချစ်ရသူကို
ချစ်သူကို
ကိုယ်ထူကိုယ်ထချစ်မိတဲ့အကြောင်း
ခေါင်းလောင်းလေးတွေ သိတယ်။
မပြောမပြီး၊မတီးမမြည်ဆိုသလိုပဲ
တကယ်တော့
ကျွန်တော်ချစ်မိတဲ့ဝါကျတိုလေးထဲမှာ
မွေးစားစကားလုံးမပါခဲ့ဘူး။
Saturday, February 20, 2010
လွယ်အိတ်ထဲက ကဗျာတစ်ပုဒ်
အိမ်မြောင်တွေ
ဘ၀ကိုဖေါ် ပြပုံက
တောင်တန်းနဲ့ မြက်ရိုင်းခြောက်တွေမပါဘူး။
ခွေးအူသံထဲက ထွက်ကျလာတဲ့ပန်းသီးဟာ
တတိယတန်းစားလူငယ်အတွက်တော့
အိပ်ခန်းနံရံက
လိင်ဆွဲဆောင်မှုရှိတဲ့ ဟောလိဝုဒ်မင်းသမီးတစ်ယောက်ရဲ့
ပိုစတာပဲ ဖြစ်လိမ့်မယ်။
အဲဒီလိုနဲ့ 
ကားမှတ်တိုင်မှာ ကျပျောက်ခဲ့တဲ့
ဖန်စီလက်စွပ်လေး တစ်ကွင်းက
ပုံပြင်တစ်ပုဒ်လို ပြောပြလာတယ်။
တကယ်တမ်းကျ
ကိုယ့်အတွေးနဲ့ ကိုယ်လမ်းလျှောက်ရတာလောက်
ဘယ် ဟိုတယ်မှ မခမ်းနားနိုင်ဘူး။
နားထဲကို လောင်းထည့်ခံရတဲ့
အသည်းကွဲသီချင်းဟာ
ငါ့အတွက်တော့
နောက်ဆုံးရသတင်းပဲ ဖြစ်တယ်။
ကော်စမတ်တစ်မသုံးတတ်တဲ့
ပိုးဟပ်တစ်ကောင်ရဲ့ ရာဇ၀င်ဟာလည်း
အပျော်ကြည့်ရုပ်ရှင် သက်သက်ပဲဖြစ်လိမ့်မပေါ့။
မျက်ခြေမပြတ်စောင့်ကြည့်ခံရတဲ့ ဒဿနတွေလို
ဟေတီငလျင်ဟာ ကိုယ်နဲ့ မဆိုင်သလိုပဲ
အစာစားနေတဲ့ခိုတစ်အုပ်ကို
သွေးအေးအေးနဲ့ ငေးနေလိုက်တယ်။
အခြေအနေအရပ်ရပ်က
မနေ့ တစ်နေ့ ကလိုပဲ၊
ချစ်ခြင်းမေတ္တာဟာ
အိမ်ခြံမြေတွေလို
တရိပ်ရိပ်ဈေးတက်လို့ ။
ခွဲစိပ်ဓါးမကိုင်ဖူးတဲ့လက်နဲ့ 
လေထုကြီးတစ်ခုလုံးကို ဆုပ်ကိုင်ထားရတယ်၊
ဒါပေမဲ့
ပုခုံးပေါ်ကလွယ်အိတ်ဟာ
လူလူသူသူမရှိလှဘူး။
ဓာတ်ကြိုးပေါ်က သေနေ့ စေ့နေတဲ့ခိုတစ်ကောင်လို
စိန်ပန်းပင်အောက်က ကဖေးဆိုင်လေးထဲ
လမင်းဖွေးဖွေးကို တစ်ရှူးစက္ကူတွေနဲ့ 
သန့် ရှင်းအောင်သုတ်လို့ ။
ကိုယ်က
အိမ်ပြန်နောက်ကျတဲ့ လူသား
ညည်းစရာသီချင်းရှားတယ်။
Friday, February 19, 2010
ပြည်ပထွက်ခွါ
အစ်ကိုရုပ်သေးရေ
ခွဲခွာခြင်းလို့  အမည်ရတဲ့
လေယာဉ်ပျံကြီးပျက်ကျလို့ ။
မီးတောင်နဲ့  သွေးသားမတော်တဲ့
ပင်လယ်ဟာ ဆံပင်တွေရှည်လာတယ်။
ဟာသကို ရယ်စရာအဖြစ်ပြောရင်
ကျွန်တော်မရယ်ချင်ဘူး
တရားမရသေးတော့ ဘုရားတရတာပေါ့
အခုနောက်ပိုင်း အသက်ရှင်ရတာလည်း
အငွေ့ တထောင်းထောင်းနဲ့ ။
''ရေမီးအစုံအလင်ပါဝင်သော
သီချင်းဖွင့်ဖို့ သော့ပျောက်နေတဲ့
တစ်ကိုယ်တည်းညကြီးကို
ဂယောင်ခြောက်ခြားတွေ့ ရတယ်။
၁၆.၁၁.၂၀၀၉
လေယာဉ်ပျံကြီးက ကျွန်တော့်ကို
မီးသဂြိုဟ်တယ်၊
ကိုယ့်ကိုယ်ကို ကိုင်ကြည့်လို့ မရအောင်
ကျွန်တော်အအေးမိခဲ့ရုံလေးပါ အစ်ကို။
ဂီတနဲ့ မတည့်လို့ 
သစ်ခြောက်ပင် ဖြစ်ရတဲ့ဘဝ
ခဲတံမချွန်ရသေးခင် ခဲဖျက်ကုန်သွားခဲ့ပြီ၊
အစ်ကိုရေ
လူ့ အဖြစ်ကို ပန်းချီကားထဲကလို
မဟာတံတိုင်းကြီးပေါ် ပစ်တင်ဖို့ 
ကျွန်တော် စီးကရက် မသောက်တော့ဘူး။
မကြည်ဖြူကို ပြောပေးပါ
ကျွန်တော့်လက်ထဲမှာ
အပြုံးယဲ့ယဲ့ ဗလာစာအုပ်လေးဟာ
ဒုတိယမြောက်မြားစွာကို
ထမ်းထားရရှာတယ်။
ဒီစာအုပ်ထဲမှာ
တရုတ်သီချင်း အေးအေးလေးတွေနဲ့ 
မကြည်ဖြူရဲ့  ရယ်သံတွေ
အိပ်နေတယ်။
ဒီစာအုပ်ထဲမှာ
ကဗျာတစ်ပုဒ်ကို
အကြောင်းပြချက်မဲ့စွာ ညည်းတတ်တဲ့
ခဲတံချွန်ချွန်လေးတစ်ချောင်း  ညပ်နေတယ်။
ဒီစာအုပ်ထဲမှာ
အရာရာဟာ သူ့ အတိုင်းသူ ရှိနေပါစေ ဆိုတဲ့
တစ်ယောက်တည်း ရန်ဖြစ်တတ်သူ
နောင်ကြီးတစ်ဦးရဲ့ 
မျက်မှန်ကိုင်းလေးလည်း သေနေတယ်။
မကြည်ဖြူရေ
အလိုလို လုပ်ယူထားတဲ့
မိုးအတုတွေလည်း
ငြိမ်းပြီ။
အက္ခရာစဉ်အတိုင်း
တူရာတူရာ တွဲထားတဲ့
မပီမသ နေ့ လည်စာတစ်နပ်လည်း
ပီပီသသ အသိမ်းခံရပြီးပြီ။
ပြီးခဲ့တာတွေ မပြီးသေးတဲ့ဟောဒီကောင်ကတော့
အစိမ်းရောင် အင်္ကျီထဲမှာ
ချောက်ကမ်းပါးရောင် နက်မှောင်နေတုန်းပဲ။
ဒီဗလာစာအုပ်လေးပဲ
ခဏခဏ ဖွင့်ဖတ်မိတယ်
ဆန်းဆန်းပြားပြားတွေမပါဘဲ
ရိုးရိုးလေး နေချင်ရုံ၊လေချင်ရုံပါ
မကြည်ဖြူ။
ကျွန်တော်က အပျင်းကြီးတော့
ကျောရိုးတစ်လျှောက် ကို
နေ့ စဉ် ခုတ်ထွင်ရှင်းလင်းရတာပေါ့။
တစ်စုံတစ်ယောက်ရဲ့  ပယောဂမပါဘဲ
မကြည်ဖြူကို တိုင်တည်ပြီး
တစ်စုံတစ်ရာကို ၀န်ခံကြည့်မယ်၊
`သတိရတယ်..မကြည်ဖြူ´
က၀ိတွေ ပန်းပျိုးသလို၊
ဥယျာဉ်မှူးတွေ လင်္ကာစပ်သလို၊
နှင်းခေတ်က ကျောက်နံရံပန်းချီတွေ မီးလောင်သလို၊
မကြည်ဖြူကို ကျွန်တော် သိပ်သတိရတယ်။
အမှန်ပါ ..မကြည်ဖြူ
အမှန်ပါ၊
ဗလာစာအုပ်လေး
မျက်စိကွယ်ခဲ့တာ လည်းအမှန်ပါ၊
အောက်တိုဘာ ၂၅ ရက်စွဲ တစ်ခု
အခိုးခံလိုက်ရတာလည်း အမှန်ပါ၊
ကျွန်တော်တို့ 
တစ်ယောက်နဲ့ တစ်ယောက်
နေရာအနှံ့  ဝေးခဲ့ကြတာလည်း အမှန်ပါ။
မကြည်ဖြူရေ ...
အမှန်တရားထဲမှာ နေထိုင်ပါ၊
မြေကြီးလို သစ္စာရှိပါ၊
ကောင်းကင်လို ရိုးသားပါ၊
ပြဌာန်းဖတ်စာအုပ်တွေ ကို
ရိုသေစွာ ကိုင်တွယ်ပါ။
-နေ့ သစ် (၈.၁.၂၀၀၉)
မေမေရေ အခုတလော ဘီလူးနက္ခတ်တွေ ဈေးကောင်းတယ်
မေမေရေ
အခုတလော
ဘီလူးနက္ခတ်တွေ ဈေးကောင်းတယ်။
ကျွန်တော့်မှာ
အချစ်ရေးအဆင်မပြေဘူး၊
လမ်းလျှောက်ရင် ခလုတ်တိုက်တယ်။
အ၀တ်အစားတွေလည်း မလျှော်ဖြစ်တာကြာပေါ့
ဘယ်အချိန်နေသာမလဲ စောင့်ရတာ
အရိပ်ဆိုတာ ဘာမှန်းမသိတော့ဘူး။
မီးညှိလို့ မရတဲ့ စိတ်ကို
ကောင်းကင်ကြီးနဲ့ ကိုင်ကိုင်ပေါက်တယ်။
အဖိတ်အစင်များလွန်းတဲ့ညက
ကတ္တရာစေးတွေနဲ့  အတူ
သီချင်းအေးအေးကို သံပြိုင်အော်လို့ ။
မီးပွိုင့်ကြီးက ကျွန်တော့်ကို
လှောင်ပြုံး ပြုံးပြတယ်၊
ခေါင်းလောင်းသံမကြားဖူးတဲ့ နားရွက်တွေနဲ့ 
တစ်ထောင့်တစ်ည ပုံပြင်တစ်ပုဒ်ကို
မေမေရေ
အခုတလော
ဘီလူးနက္ခတ်တွေ
သိပ်ဈေးကောင်းတယ်။
Monday, February 15, 2010
ပန်းချီကားညများ-၂
ကိုယ့်မှာ
အရေးပေါ် ညရေးညတာဆိုလို့ 
လွမ်းစရာကလွဲလို့ ဘာမှမရှိဘူး။
ဗေဒင်ထဲကလိုနေရတာ
လမ်းခဏခဏပျောက်တယ်၊
ရေးလက်စ ပန်းချီကားကတော့
လက်နက်ကုန်သုံးပြီး တောင်တန်းတွေကို
ကိုယ့်ကို သနားလို့ များ
နံရံပေါ်က အိမ်မြောင် စုတ်ထိုးနေသလား၊
တခါတလေ
လူမြင်ကောင်းရုံသက်သက်နဲ့ 
ဖိနပ်စီးရတာ အရသာမရှိဘူး။
ကိုယ့်မြင်းကိုယ်စိုင်းနေတဲ့
ကျွန်တော့်မိတ်ဆွေ လူရိုင်းမလေးရေ
စကားပုံအတုတွေ ထားခဲ့
စစ်ကိုင်းကို အတူကြသွားမယ်။
မြောက်လေက
နံရံပါးပါးလေးတစ်ချပ်ကို
အလှဆောင်းလို့ ၊
လူအ တစ်ယောက်ကို ချောက်ထဲ တွန်းချတယ်။
ကိုယ့်အတွက်
ကြာသပတေးနံထောင့်က ဂြိုဟ်တုကို လှမ်းချိတ်ဆက်ဖို့ 
စကားလုံးဖေါဖေါသီသီ မရှိဘူး၊
တစ်ယောက်တည်း ဖြစ်နေမယ့်အတူတူ
ကမ္ဘာ့ စံချိန်တွေကိုပဲ စိတ်ရှိလက်ရှိ လိုက်ချိုးတော့မယ်။
Sunday, February 14, 2010
ဈာပန
မျက်နှာကြောတွေ တင်းလာလွန်းလို့ 
ကိုယ့်ကိုယ်ကိုယ် လေအေးပေးစက်ထဲပစ်ထည့်လိုက်တယ်။
ပင့်ကူတွေက သီချင်းဆိုကြလို့ 
ကိုယ့်မှာတော့
ပထမကမ္ဘာစစ်ထဲ အရှင်လတ်လတ် တိုက်ပွဲဝင်ဆဲ
နောက်နောင်
ချစ်ခန်းကြိုက်ခန်းပါတဲ့ရုပ်ရှင်ဆို
မကြည့်တော့ဘူး။
နှလုံးသားက သံချေးတက်လာနေပြီ၊
စိတ်ကို ဆွဲဖြဲပစ်တော့
မျက်လှည့်ထဲကလို
ခိုဖြူတစ်ကောင် ထပျံသွားတယ်။
 အဲဒီ့ညက
 လူဖြစ်ရတာ နိမိတ်မကောင်းဘူး။
Sunday, February 7, 2010
ထနောင်းမြေသို့ အပြန်
တမာပင်ညိုတွေ စီရရီထားတဲ့ လမ်းအိုလေးပေါ့
ကျွန်တော် အိမ်ပြန်လာခဲ့တယ်  အမေ။
ထနောင်းရွက်တွေက တဖွဲဖွဲကြွေလို့ 
ညနေညို ရေချိုခပ်ရာ
ထိန်ကန်သာကြီးက
ခါးစောင်းကိုင်းကိုင်းမန်ကျည်းပင်တွေအောက်မှာ
ငိုက်မြည်း၊
အသားမဲမဲ တောကျီးကန်းနှစ်ကောင်က
အတိတ်တွေကို ဆွဲချီသွားတယ်။
ငယ်ငယ်က စစ်တိုက်တမ်းကစားခဲ့တဲ့
ထန်းတောကြီး
ခုများတော့ နှစ်တွေကြာ
သူ့ ခမျာ အရင်လို မသာယာနိုင်ရှာတော့ဘူး။
သန်းထွန်းလေးရဲ့ သီချင်းထဲကလို
လှည်းလမ်းကြောင်းတလျှောက် ဖုံလုံးကြီးတွေ
တလှိမ့်လှိမ့် မတက်ပေမယ့်
အမေ့အိမ်ရှိရာ ပြန်လာရာလမ်း
ကျွန်တော့် အလွမ်းတွေကတော့ တလှိမ့်လှိမ့်တက်လာတယ် အမေ။
ညအိပ်တေးတွေ တရိပ်ရိပ်ပြေးနေတဲ့
ဟိုး တောင်ယာဉ်စွန်းတန်းဆီ မျှော်ငေး
ကျွန်တော် ကလေးဘ၀ကပေါ့၊
အမေဟာ ...
ကျွန်တော့်လက်ကိုဆွဲ
အနေရဲခဲ့ဖူးတယ်။
လသာသာညများ၊
ထုပ်စီးထိုးတမ်းကစားခဲ့တဲ့ ငယ်ပေါင်းများ၊
တစ္ဆေကြီးအလား ကြီးမားလှတဲ့ ကုက္ကိုပင်ကြီးများ၊
ကာလဒေသ အစကို
ကျွန်တော် ပြန်ရှာလို့ မရခဲ့ဘူး။
ရှားစောင်း၊ကသစ်
ထန်း၊ပုရစ်နဲ့ 
ပိတ်ဆွယ်ချဉ်ပေါတဲ့ အရပ်
ဟိုစဉ်တုန်းအခါများ
ထနောင်းပင်တွေက ညိုညို
ကျွန်တော့် ဆံပင်က တိုတို
ကျွန်တော့်ကို မစိုသေးဘူး။
နီယွန်မီးရောင်စုံနဲ့ 
ငွေကြေးအညစ်အထည်များလည်း
မသိခဲ့ရိုးအမှန်ပေါ့။
လမင်းဖွေးဖွေး
ဘော်ငွေသွေးတဲ့ ညတွေ
အမေနယ်ကျွေးတဲ့ ထမင်းဖြုဆီဆမ်းကို
ရွှေလင်ဗန်းကြီးနဲ့ တောင် ကျွန်တော် မလဲနိုင်ခဲ့ဘူး။
အခုများ
မီးခိုးတွေဝေတဲ့ မေတ္တာတရားကို
လက်ထဲမှာ ဖွဖွလေးကိုင်
နောက်ဆုံးပေါ်ကားတွေ ကြိတ်တာ ခံရပေါ့။
အမေ ဥပုသ်စောင့်ခဲ့တဲ့နေ့ တွေ
ကျွန်တော့် စိတ်မှာလည်း ပန်းတွေဝေတယ်၊
အမေမျက်နှာပြင်အေးအေး
ဟိုးကောင်းကင်ဆီက လမင်းဖွေးဖွေးလိုပဲ။
တစ်နေ့ တစ်ခြား
ဖိနပ်ကလည်း ပါးပါးလာတယ် အမေ။
ဝါဆိုလတစ်ရက်ဆီက
အမေ၀ယ်ပေးခဲ့တဲ့ ဂျင်းဦးထုပ် အပြာလေး
အခုကျွန်တော် ပြန်လိုချင်နေတယ်။
လက်ပံပင်ကြီး
ကျွန်တော့်ကို ပြုံးပြီးနှုတ်ဆက်တယ်၊
မြက်ရိုင်းရှည်ရှည်တွေကလည်း
လူမိုက်တစ်ယောက်ရဲ့ နောင်တကို
ခ၀ါချနေသလိုလို။
လမ်းတွေက ရှည်လှချည်ရဲ့
တောင်တွေက မတ်စောက်လှချည်ရဲ့
ဘီလူးဟိန်းသံတွေ၊
ရောဂါကပ်တွေနဲ့ ။
ဒီလို စစ်ပွဲတွေကြားက
အမေ့ဌာနေ၊ကျွန်တော့်မြေကို
ပြန်လာခဲ့တယ် အမေ။
အံ့ဖွယ်အတိပြီးတဲ့လောက
သေနတ်မောင်းချသံတွေ ညံလှတယ်၊
အမေ့အိမ်လေးမှာတော့
ကြယ်တွေ၊လတွေ ဖွေးနေမှာပဲ။
လောဘ၊မောဟတွေနဲ့ 
ခုများတော့
အမေဆုံးမခဲ့သလို
ဘုရားရိုက်မှာ မကြောက်နိုင်တော့ဘူး။
ချောက်ကမ်းပါးပေါ်က
စာရွက်စာတမ်းတွေနဲ့ 
အလှဆင်ဝတ်ကြတဲ့ခေတ်မှာ
အမေ့သားဟာလည်း
သဲထဲကို ရေတွေသွန်နေတတ်ပြီ။
ကျွန်တော်က
အသုံးလုံးမကျေဘူး
ဘ၀မကျေဘူး
တာဝန်မကျေဘူး
ကျေးဇူးမကျေဘူး
ဘာဆို ဘာမှကို မကျေခဲ့တဲ့ကောင်ပါ အမေ။
အခု
ကျွန်တော့်ကို မေးနေပြီ၊
'' နောက်တစ်ခါ ပြန်ထွက်သွားဦးမှာလား သား'' တဲ့
ကျွန်တော် မဖြေနိုင်ဘူး
ကျွန်တော် မဖြေရက်ဘူး အမေ။
ဟိုးညနေစောင်းဆီက
ထနောင်းပင်ကြီးအိုအိုကြီးက
ကျွန်တော့်ကို မကြည့်ရက်တော့သလိုလို။
အိမ်ပြန်နေကြတဲ့ တိမ်အုပ်တွေကလည်း
နီညိုညိုဆံပင်ရှည် လူမိုက်တစ်ယောက်ကို
စုပ်တသပ်သပ်နဲ့ ။
သနားကြပေါ့
အမေ့မြေမှာ ထာဝရနေနိုင်ကြတဲ့
ထနောင်းပင်တွေ
တမာပင်တွေ
သူတို့ တွေ ...
ကျွန်တော့်ကို သနားကြပေါ့။
အမေ
မြေကြီးထဲက
ကောင်းမြတ်ခြင်းတွေနဲ့ 
ကျွန်တော့်ကို
လေလွင့်ခွင့်ပေးပါလေ။
မှော်အတတ်တွေကတဲ့
ကျွန်တော့် ရင်ဘတ်ကို ခွဲ
အမေ
ကျွန်တော် ပြန်လာမယ်
အမေ့မြေ
ကျွန်တော့်ဌာနေဆီ
ကျွန်တော် ဆက်ဆက်ပြန်လာမယ် အမေ။
လက်ပံပွင့်တွေ တဖွဲဖွဲကြွေလို့ 
ဒီအချိန် ၊ခွေးရူးပေါ်ချိန်
ထိန်ကန်ကြီးကတော့
ကျွန်တော့်ကို စကားမပြောချင်တော့သလို
မျက်နှာလွှဲလို့ ။
Thursday, February 4, 2010
ပန်းချီကားညများ-၂
အသက်ဓာတ်ကို
ကားလမ်းပေါ်ဖြန့် ခင်းထားတဲ့ည၊
လက်ဖ၀ါးမှာ ကပ်ပါလာတာက
အင်ဂျလီနာဂျိုလီ လို ဆွဲဆောင်မှုမရှိလှတဲ့
သဲကြိုးပြတ်နေတဲ့  အိပ်မက်တွေ
ကန္တရကို ဖြတ်နိုင်တော့မယ်မထင်ဘူး
သစ်ပင်လရိပ်အောက်
ကောက်ယူလို့ မရတဲ့ စိတ်က
ကိစ္စအ၀၀ကို လစ်လျူရှုလို့ ။
ကျွန်တော်က
ကံကို အပြစ်တွေ ပုံချနေတုန်း
တိမ်တွေကို လက်ညှိုးထိုးပြီးရယ်တတ်တဲ့
ကျွန်တော့်မိတ်ဆွေမလေးက
မီးပုံပွဲရဲ့ ဆူညံမှုထဲ
ဒေါနတောင်တန်းကြီးကိုပစ်သွင်းထည့်လိ
ုက်တယ်။
သူမ
အညာသားယဉ်ကျေးမှုကို မသိဘူး
သူမ
ဘီလ်ဂိတ်လို မတော်ဘူး
သူမ
ငှက်မလေးတစ်ကောင်လိုပဲ၊
လွတ်လပ်တယ်။
ဇောကပ်နေတဲ့ သံဗူးခွံတွေနဲ့ ချစ်မေတ္တာကို
စက်ရုံကထုတ်လုပ်တယ်
အဲဒီလိုမီးပန်းတွေလွှတ်တဲ့ညအေးအေးများ
ပျော်လှတယ်တော့ မဟုတ်ပါဘူး။
ကောင်းကင်မှာ နေကြတ်သလို
ပင်လယ်မှာလည်း ရေကြတ်ရင်သိပ်ကောင်းမှာ
(ပျော်လှတယ်တော့ မဟုတ်ဘူး)
ကျွန်တော့်မိတ်ဆွေမလေးကတော့
သီချင်းတစ်ပုဒ်ကို တိုးတိုးညည်းရင်း
သစ်ရွက်ခြောက်တွေနဲ့  ရန်ဖြစ်လို့ ။
နေ့ သစ်(၄.၂.၂၀၁၀)
ကျွန်တော့်အသက် ၁၈ နှစ်
ကျွန်တော့်အသက် ၁၈ နှစ်
ဝလုံးရေးခြင်းအတတ်ကို
ရင်ခုန်တယ်။
ဘ၀မှာ
ဆောင်းရာသီအချို့  မီးလောင်ဖူးပြီ။
ဘယ်သူလဲ၊ဘယ်မှာလဲ
စကားလုံးချို့ တဲ့သူ လူငယ်ဟာ
စာရွက်စာတမ်းတွေနဲ့ 
အသက်ကို ချို့ ငဲ့စွာ ရှူတယ်။
ကျွန်တော့်အသက် ၁၈ နှစ်
ဘာကောင်မှန်းမသိသေးတာကလွဲလို့ 
ကိုယ့်သဘောကိုယ် ဆောင်နေတုန်း။