rss
Twitter Delicious Facebook Digg Stumbleupon Favorites
Saturday, March 27, 2010
အလွမ်းကဗျာ
မလွမ်းဘူး၊မလွမ်းဘူးဆိုပြီး
မလွမ်းဖူးသလိုမျိုး လွမ်းနေလိုက်ရတာ
ကြိုးကြာငှက်တွေ တောင်အရပ်ကိုပြန်လာတာ မသိလိုက်ဘူး။
အနာဂတ်ဆိုတာ
မိုးကြိုးသွားပေါ် ငုတ်တုတ်လေးထိုင်ပြီး
သက်တန့် ကြီး ပြိုလာတာကို
တစ်ကိုယ်တည်းစောင့်နေရသလိုမျိုး။
တစ်ခါတစ်လေ ရန်ကုန်-ပုသိမ်ကားလမ်းမကြီး ဖြစ်ချင်တယ်၊
တစ်ခါတစ်လေကျ သော့ချိတ်အမျိုးမျိုးပြောင်းတတ်တဲ့
ငွေရောင်လက်ကိုင်ဖုန်းလေး ဖြစ်ချင်တယ်။
တောင်ပံမပါတဲ့ ရက်စွဲတွေကို
ခေါင်းအုံးအိပ်ရတာဟာ
ငါ့အတွက်တော့
သံသရာတွေ ခြားနေရသလိုပဲ။
ပြောပြချင်ပါသေးတယ်
ဒီမြစ်ကိုကျော်ရင်၊
ဒီတောင်ကိုကျော်ရင်၊
မင်းကိုငါ  ပြောပြချင်ပါသေးတယ်။
တို့ များဘ၀တွေက
မိုးရွာပြီးစ ညနေခင်းတွေလို။
ဟွန်းသံကင်းမဲ့ဇုန်ရဲ့
သနပ်ခါးပါးပါးကိုယ်သင်းနံ့ လေးရေ
ရေသန်ဘူးခွံမရှိတော့တဲ့
ကားမှတ်တိုင်လေးနံဘေးမှာ
မင်းရှိရာ ငါပြေးမလာနိုင်ခဲ့ဘူး။
ကဲ...ကြည့်
မလွမ်းဘူး၊မလွမ်းဘူးဆိုပြီး
မလွမ်းဖူးသလိုမျိုး
လွမ်းနေလိုက်မိတာ။
Friday, March 19, 2010
ကော်ဖီခွက်
ဖွင့်ထားတဲ့ ပြူတင်းပေါက်ကနေ
ဆောင်းရာသီတစ်ခု တိုးဝင်လာဖို့ ဆိုတာ
ကိုယ့်ခြေထောက်တွေမှာ
လျှပ်စစ်ဓာတ်အားအပြည့်အ၀ရနေမှ ဖြစ်လိမ့်မယ်။
ရန်ကုန်သား မဟုတ်တဲ့လူငယ်အဖို့ 
ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့ခိုတစ်ကောင်ဟာလည်း
အိပ်ခန်းရဲ့ ပိတ်လှောင်ပုံက
လွမ်းနေတဲ့စိတ်ကို
ကပိုကရိုဖြစ်စေတယ်။
သူနဲ့ ကျွန်တော်
လေအေးပေးစက်တပ်ထားတဲ့ ကဖီးဆိုင်လေးမှာထိုင်၊
ကိုင်ဆုပ်မရတဲ့ စကားစတွေနဲ့ 
မော်တော်ယာဉ်တွေကိုကြည့်ရင်း
နွေနေ့ လည်ခင်း များစွာ
အလကားရခဲ့ဖူးတယ်။
သူနဲ့ ကျွန်တော်
ပြောခဲ့ပြီးသားစကားတွေပြန်ပြောကြရင်း၊
ရောက်ခဲ့ပြီးသားနေရာတွေ ပြန်သွားကြရင်း၊
အိမ်ပြန်ချိန်လမ်းခွဲခဲ့ကြဖူးတယ်။
ပုသိမ်ဇာတိ၊မြစ်ဝကျွန်းပေါ်သူ နဲ့ 
အညာသားစစ်စစ်
နှစ်ဦးသားကြား
ထုတ်ဖေါ်ပြလို့ မရခဲ့တာတွေအများကြီး။
ကျွန်တော်
လက်ပတ်နာရီမပတ်တတ်သေး၊
ဖိနပ်ပါးပါးကိုပဲ အမြတ်တနိုးစီးဆဲ၊
သူမ
ဟိုအရင်လို ဆံပင်တိုတိုပဲလား၊
ဟာသအသေးအမွှားလေးတွေကို
အူလှိုက်သည်းလှိုက်ရယ်တတ်နေတုန်းပဲလား။
ရာသီဥတုပူသည်၊
မီးမလာပါ၊
သစ်ရွက်ခြောက်များ ကြွေနေကြသည်။
ကော်ဖီခွက်ဆေးဖို့ 
အချိန်မရှိတော့ဘူး၊
လွမ်းတယ်ဆိုတာ
တကယ်တော့
တစ္ဆေအခြောက်ခံရသလိုပဲ။
Monday, March 15, 2010
နွေဦးကာလ မြူထသောခါ
ချွေးဒီးဒီးကျနေတဲ့ သက်ပြင်းထဲကို
နောက်ဆုံးရ ငလျင်သတင်းတွေ တိုးဝင်လာတယ်။
မီးခိုးခေါင်းတိုင်နဲ့  မလွတ်တဲ့ တောင်လေဟာ
သနပ်ခါးပါးကွက်ကြား ဓာတ်ပုံအဟောင်းလေးပေါ်ကို
နွေရာသီတစ်ခု သွန်ချပစ်ဖို့ 
ဝန်မလေးခဲ့ဘူး။
သီချင်းတစ်ပုဒ်မှ မဆိုဖြစ်လိုက်တဲ့
နွေနေ့ လည်ခင်းက
ကျွန်တော့် ဖြစ်တည်မှုကို
လွန်ခဲ့သောနှစ်များဆီ ခုတ်မောင်းပို့ လို့ ။
ကျွန်တော့်မှာ
ငယ်ချစ်ဦးလေး
မခင်အေး ဆိုတာရှိခဲ့ဖူးတယ်။
စက်ဘီးမစီးတတ်တဲ့ ထီးနီနီကလေး။
တပေါင်းလဆန်း ဗေဒင်ဟောစာတမ်းတစ်ခုမှာ
မြေလတ်ဘူတာရုံလေးထဲက တိုင်ကပ်နာရီဟာ
နေ့ လည် နှစ်နာရီ၊သုံးဆယ့်ရှစ်မိနစ်မှာ ရပ်လို့ ။
နေက ပူလွန်းတယ်၊
ထီးရိပ်မခိုဖူးတဲ့ ထနောင်းပင်တွေဟာ
သနပ်ခါးပါးကွက်ကြားနဲ့  ကောင်မလေးကို
စကားစတွေ ပြောပေးနိုင်လိမ့်မယ် မထင်ဘူး။
ကံတရားရဲ့ ပွဲမှာ
ရထားသံလမ်းကြီးဟာ
ပုံပြောဆရာတစ်ယောက်ပေါ့။
မြူခြေဆိုင်းတဲ့ တောင်တန်းတွေ ကျန်ခဲ့တယ်၊
ဂျပန်စက်ဘီး အစိမ်းရောင်လေး ကျန်ခဲ့တယ်၊
ရေခမ်းနေတဲ့ ထိန်ကန်ကြီး ကျန်နေခဲ့တယ်။
ကျွန်တော့်မှာ
ငယ်ချစ်ဦးလေး
မခင်အေးဆိုတာ ရှိခဲ့ဖူးတယ်။
သူမက
စက်ဘီးမစီးတတ်တဲ့ သနပ်ခါးပါးကွက်ကြားလေး။
Sunday, March 7, 2010
ကမ္ဘာပျက်၍ / ပြတ်ရွေ့ ကြောင်းများဖြင့် / ကမ္ဘာပျက်ခြင်း
ဒီနေ့ ကမ္ဘာပျက်တယ် ..
တောမီးလောင်သလိုမျိုး .. စကားလုံးတွေ
အပြိုင်းအရိုင်း .. ကိုယ့် ဆီ တိုးဝင်လာကြ .. ။
သူမ ပုတ်ချခဲ့တဲ့ နှင်းဆီဝါ၀ါလေးမှာ ..
ကိုယ့် ၀င်သက်ထွက်သက်တွေ ..
၉၉ ရာနှုန်း .. ပါသွားတယ် ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း ..
သေချာအောင် .. ကိုယ့်ကိုယ်ကိုယ် ဆွဲဆိတ်ကြည့်မိတယ် ။
ကြိုးမိန့်ပေးသံတွေ ကြားတယ် .. ။
လေတိုးသံတွေ ကြားတယ် .. ။
ခေါင်းငိုက်စိုက်ကျသွားတဲ့ ညနေခင်းလေး ..
ကိုယ့် အိတ်ကပ်ထဲမှာ ခပ်နွမ်းနွမ်း ပြုံး လို့ .. ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း ..
နွေနေ့လည်ခင်းက ပူစပ်ပူလောင် ထောက်ခံတယ် ... ။
ဒီနေ့ ကမ္ဘာပျက်ပါမယ် ရှင် .. လို့ ..
ရေဒီယိုက ကြေငြာခဲ့သလား .. ?
နားထောင်လိုက်ရသူများ .. ဆိတ်ငြိမ်ပေးပါ .. ။
စိတ်ငြိမ်ဆေး သောက်ဖို့ လိုနေပြီ ထင်တယ် .. ။
ကမ္ဘာပျက်ပြီးတဲ့နောက် ..
လမ်းပန်းဆက်သွယ်ရေး အရင်လို ကောင်းပါ့မလား .. ။
ကဗျာတွေ အရင်လို ရေးနိုင်ပါဦးမလား .. ။
စီးကရက် မီးခိုးငွေ့ တွေထဲ အရင်လို ရှာနိုင်ပါဦးမလား .. ။
မျက်ရည်စိုနေတဲ့ မိုးတွေ ရယ် .. ၊
မိုးရေစိုနေတဲ့ မြက်တွေရယ် .. ၊ အရင်လို ရှိပါဦးမလား ... ။
စမ်းချောင်းထဲ အရင်လို လမ်းလျှောက်နိုင်ပါဦးမလား .. ။
လား ၊ လား ၊ လား ၊ လား ။
`လား´ ပေါင်းများစွာနဲ့ ငိုင်နေစဉ်မှာပဲ ..
ကိုယ့် နှင်းဆီဝါလေး `ဖတ်´ ခနဲ ..
ပုတ်ချခံလိုက်ရတယ် .. ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း နိမိတ်ပုံတွေ ပေါ်ထွန်းခဲ့သလား ။
ကမ္ဘာပျက်နေချိန် ...
တစုံတယောက် .. ခေါင်းစွပ်အင်္ကျီအနက်ရောင်လေးဝတ်ပြီး
အိပ်ပျော်နေမလား ... ။
တစုံတယောက် .. စာမေးပွဲနီးလို့ စာတွေပဲ ဖိကျက်နေမလား ။
ကမ္ဘာပျက်တဲ့အကြောင်း သတင်းပေးဖို့
သူမ ဖုန်းနံပတ် ကိုယ့်ဆီမှာ မရှိဘူး ။
ကိုယ့် ဘီရိုအံဆွဲထဲက ဂျယ်လီလေး ..
ကမ္ဘာပျက်တဲ့ထဲ ပါသွားမလား .. ။
သူမ မိုးပေးခဲ့တဲ့ ကိုယ့်အိမ်လေးမှာ
ခရမ်းရောင် သက်တန့်တွေ ပွင့်နေမှာပါ .. ။
ကြယ်မြင် လမြင် .. ပျက်နေတဲ့ ကမ္ဘာမှာ
ကိုယ့် အခန်းစုတ်ထဲက တစ်ခြမ်းပြတ် ကြယ်လေးတွေ
သတိရတိုင်း ထထ လင်းနေတုန်းပဲ ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း သေချာအောင် ..
ကိုယ့်ကမ္ဘာကို ကိုယ်တိုင် ပြန်ဖျက်ကြည့်မိတယ် .. ။
ဆူးခက်မင်း
7.3.2010
(အခုတလော ကျွန်တော် ဖတ်မိသမျှထဲမှာ သဘောကျမိတဲ့ ကဗျာလေးပါ)
Friday, March 5, 2010
ရန်ကုန်မြို့ ရဲ့ စကားထာများ
စိန်ပန်းတွေ အတုံးအရုံး
ကားဟွန်းသံတွေ အလဲလဲအကွဲကွဲနဲ့ 
စီးထားတဲ့ဖိနပ်က ကင်ဆာရောဂါအမြစ်တွယ်လာတယ်။
ရောမရောက်ရင် ရောမလိုကျင့်ရမယ်
ရန်ကုန်ရောက်ရင် ရန်ကုန်လိုကျင့်ရမယ်
တစ်ခါသုံးဘာသာဗေဒ၊
တစ်ခါသုံးဆေးထိုးအပ်၊
တစ်ခါသုံးချစ်မေတ္တာ၊
တကယ်ဆို ကားကြားယာဉ်ကြားမှာ
မီးတောက်အရက်လောက် မပြင်းဘူး။
မိန်းမလှလေးတွေ စိတ်ကောက်တာ
သိပ်ကြောက်ဖို့ ကောင်းတယ်။
ပလက်ဖေါင်းဘေးက ကဖီးဆိုင်လေးထဲမှာ
အခြေခံလူတန်းစားကို ကိုယ်စားပြုတဲ့
ရေနွေးကရားလေး ငိုင်လို့ ၊
ဓါတုဆိုးဆေးတွေနဲ့  ပြုစားတယ်။
ကိုယ်က
၄၈ ဘတ်စ်ကားတိုးစီးတဲ့
ရေကြောင်းအင်ဂျင်နီယာကျောင်းသား၊
အမှားလက္ခဏာတွေကို လွယ်အိတ်ထဲထည့်ထားတဲ့လူ။
သူမက
နောက်ဆုံးပေါ်ကားနဲ့ 
ကျောင်းသွားတဲ့ မင်းကြိုက်စိုးကြိုက်။
ကားနဲ့ တိုက်သတ်သလိုပဲ။
ဆလိုက်မီးတွေက
ကာလာစုံခြယ်ထားတဲ့ ခြေသည်းလှလှလေးတွေလို
တကယ်ဆို
သံယောဇဉ်ထူထူထဲထဲနဲ့ 
ဂျင်းဘောင်းဘီဝတ်ရတာ အဆင်မပြေလှဘူး၊
နိယာမဆိုတာ
ကွန်ကရစ်လမ်းမကြီးလောက်မှ
မဖြောင့်ဖြူးတာ။
မိန်းမလှလေးတွေ
စိတ်ကောက်ရင် သိပ်ကြောက်ဖို့ ကောင်းတယ်၊
နောက်နောင်
ညနက်နက်ထဲ ပိတ်မိပြီး မမှောင်ရအောင်
အိပ်ဆေးတစ်ထုပ်ဆောင်ထားတော့မယ်။
ကားကြား ယာဉ်ကြားထဲ
အတိတ်နဲ့ လူနဲ့ လည်း မကွဲလှပါဘူး။
Tuesday, March 2, 2010
"လတ်တလောနင်းမိသော ချိန်ကိုက်ဗုံးများ"
စိတ်က မြွေလိမ်မြွေကောက်သွားနေတယ်
ငါ တွေးမိသမျှကို ငါ့ခန္ဓာက လိုက်နာရ
ဒုက္ခပဲ ...
အစိမ်းရောင် မွန်းကြပ်မှုများအလယ်
အပိုင်းပိုင်း အစစ နာရီများ၊
ရှုပ်ထွေးတိမ်ဝှက် ပုစ္ဆာများ၊
ကိုယ့်ကိုယ်ကို မှန်ရှေ့ရပ်ကြည့်တော့
“ငါ့ရှုခင်းက ဆိုးဝါးလိုက်တာ ... ”
ငါ့ရှုခင်းက အနံ့အသက်မကောင်းလိုက်တာ” လို့ တွေးမိ။
ကြယ်တွေ ကြွေနေပုံက
စိတ်ကောက်နေတဲ့ မိန်းမလှလေးတစ်ယောက်လို
အကျအပျောက်များလွန်းတယ်၊
နှာခေါင်းသွေးလျှံနေတဲ့
ကားမီးခိုးတွေက
ငွေနံ့ ရတဲ့ တောကောင်တွေလိုပဲ။
အဲဒီလိုဆိုတော့ ...
ငါတို့မှာ ကိုယ့်ကဗျာတောင် ကိုယ်မပိုင်ဘူး
ခက်တယ်
အပျောက်အရှများများ ဝါကျခပ်မှားမှား
ဘယ်သူမှလည်းမသေ ... ငတေလည်း မမာဘူး
ငါ့အတ္တနဲ့ ငါနဲ့ ဘယ်သူအရပ်ပိုရှည်သလဲပြိုင်နေ
ခက်တာပဲကွယ် ...
ငွေကြေးသယံဇာတနဲ့လည်း ခပ်ဝေးဝေးမှာရှိ
မိန်းမလှလေးတွေနဲ့လည်း ခပ်လှမ်းလှမ်းမှာရှိ
ညစ်ညူးမှုများသာ ငါနဲ့မလှမ်းမကမ်း
အဲဒီလိုနဲ့ပဲ ... အမြဲ ကြမ်းပေါက်ကျွံနေ။
ချိန်ကိုက်ဗုံးတွေမြိုထားရတဲ့ စိတ်က
ရေလိုက်ငါးလိုက်မနေတတ်တာ မဆန်းဘူး၊
တယ်လီဖုန်းခွန်၊ရေခွန်၊လေခွန်၊မီးခွန်၊အချစ်ခွန်၊
ခက်တယ် ...
ရန်ကုန်က
စီးကရက်မီးလို ရဲရဲနီနေတယ်။
အဲဒီ စီးကရက်မီးထဲမှာမှ ငါဟာ တဖွားဖွား ထပ်မံတောက်လောင်လို့၊
ငါဟာ လေယူရာယိမ်းလို့ ... ငါဟာ မီးလောင်ရာလေပင့်လို့၊
ငါဟာ ပဒိုင်းပင်လိုပွင့်လို့ ...၊
စိတ်လွတ်ကိုယ်လွတ် ဖွာလန်ကြဲပစ်လိုက်တော့
ငါက စိတ်ရှိလက်ရှိ ရိုင်းစိုင်းလာတယ်
လောကဓံ၊ အချစ်ရေး၊ လူမှုပတ်ဝန်းကျင်
ဘာကိုမှ ငါမမြင်တော့သလို
ဘာကမှလည်း ငါ့ကိုမခင်တော့ဘူး
ရှုပ်လိုက်တာ ... ဆိုပြီး တွေ့သမျှချနင်းပစ်တယ်
ဒါပေမယ့် ... ငါပဲ နစ်မြုပ်ကျွံဝင်သွားရပြန်တယ်။
အခုတလော
နံနက်စာ မစားဖြစ်တာကြာပြီ
မိုးတိမ်တွေက ရွံ့ စေးရုပ်ဖြစ်လိုဖြစ်၊
သံယောဇဉ်က နောက်ဆုံးပေါ်ကားဖြစ်လိုဖြစ်၊
အိမ်မြောင်တွေကလည်း ရုပ်ရှင်သရုပ်ဆောင်ဖြစ်လိုဖြစ်နဲ့ 
မွေးရာပါ အိပ်မက်တွေ အလစ်သုတ်ခံရပြန်တယ်၊
မပျော်ဘူး အမေရယ်
အမေ့သား တတိယတန်းစားလူငယ်ဟာ
ဖိနပ်ပါးပါးကြောင့် လူတန်းစားခွဲခြားခံရတယ်။
အိပ်မက်မကောင်းရုံလောက်လည်း မဟုတ်ဘူး
အိပ်ချင်စိတ်ကအစ အနှုတ်သိမ်းခံထားရတာ
ဘယ်သူ့လက်ချက်မှန်းမသိ အပြုစားခံနေရတာ
လူနဲ့စိတ် သဟဇာတမဖြစ်တာ
စိတ်ရောကိုယ်ပါ မြေအမြိုခံထားရသလိုဖြစ်နေတာ
ဟား ... ခက်လိုက်တာ။
မြို့ ပြညတွေက
ထီလှည်းလေးတွေလောက်တောင် မလွပ်လပ်မှတော့
ပန်းတိုင်ရောက်ဖို့ အတွက်
ဘတ်စ်ကား တွယ်မစီးချင်တော့ဘူး၊
အဲဒီလိုနဲ့ 
တေလေတွေ လမ်းလျှောက်တဲ့ ရှုခင်းပန်းချီတွေထဲ
ငါ့ကိုယ်ငါပြန်ရယ်ပစ်လိုက်တယ်။
 သူရဿဝါ၊နေ့ သစ်
(၂.၃.၂၀၁၀)