rss
Twitter Delicious Facebook Digg Stumbleupon Favorites
Friday, April 30, 2010
နီလေး
ဘာမှ မဟုတ်ဘူး
အဲဒါ
ရူးနေတဲ့လူ။
(၂၈.၄.၂၀၁၀)
ချစ်ခင်လေးစားရတဲ့  အစ်ကို ကိုနီလေးအတွက် မွေးနေ့ လက်ဆောင်။
(မွေးနေ့ အမီတင်မပေးနိုင်တာ ခွင့်လွှတ်ပါ အစ်ကို)
Wednesday, April 28, 2010
ငှက်
မေမေ
အခု ကျွန်တော့်အသက် ၁၉ နှစ်
ဖိနပ်မကြာခဏပြတ်တဲ့ခေတ်ထဲမှာ
လက်ပစ်ကူးနေရပြီ။
ရပ်တည်မှုက
ဒီရေလို တက်လိုက် ကျလိုက်
အမှတ်သညာမရှိလိုက်ပုံများ
ဦးနှောက်ပျက်နေတဲ့ ပိုးဟပ်တစ်ကောင်အလားပဲ၊
အာရုံကြောထဲမှာ ရမ်းကားတတ်တဲ့စိတ်မရှိတာကလွဲလို့ 
ကျွန်တော်က ကိုယ့်ကိုယ်ကို လူမိုက်လို့ ပြန်သတ်မှတ်တယ်။
အသည်းလည်းကွဲဖူးပြီ
ဒူးလည်းပြဲဖူးပြီ
ပိုက်ဆံလည်းချေးဖူးပြီ
အကြွေးလည်းယူဖူးပြီ
ဒီနှစ်ထဲ ပုလင်းကွဲမရှဖို့ ဆုတောင်းမယ်၊
သံချေးတက်နေတဲ့ စကားလုံးတွေကြားမှာ
ရက်စွဲအသစ်ချပ်ချွတ်တွေကို
ပိုက်ဆံရေသလို ထိုင်ရေပစ်ချင်လို့ ။
Monday, April 26, 2010
၂၁ရာစုရထား
Still Life with Three Birds' Nests
 by  Vincent Vangogh
အာကာသယာဉ်မှူးဖြစ်ချင်လွန်းတဲ့ကောင်
တွေးရခေါ်ရတာ
မိုးတိမ်တွေနဲ့ မလွတ်တော့
ဒီဆံပင်ရှည်ရှည်တွေကိုပဲ လှောင်ရယ်ပစ်ချင်တယ်။
မာနတွေ တစ်ခွဲသားနဲ့ 
အသားမဲမှာလည်း မစိုးရိမ်တော့ဘူး။
အလင်းဖျော့ဖျော့မှာ
ဆိုတဲ့သီချင်း
ဟိုးငယ်ငယ်တုန်းကထနောင်းပင်လေးနံဘေးမှာ
ကျွန်တော့်နဲ့ ကျွန်တော့်သူငယ်ချင်းလေးတွေ
ကမ္ဘာ့ ကြီးအရေး မတွေးခဲ့ကြဘူး။
အခုများ
လက်ဖက်ရည်ဆိုင်ရဲ့
ညစ်ညမ်းသီချင်းသံတွေကြား
ကျွန်တော်တို့ ဟာ
အမှားကို ၀ယ်စားကြတယ်။
လူငယ်က ခေတ်ကို ဖြတ်တယ်၊
ခေတ်က လူငယ်ကို ပြန်ဖျက်တယ်။
ပြီးပြီပေါ့
ကမ္ဘာကြီးအတွက် ၊
ကုရာနတ္ထိဆေးမရှိတဲ့ ဝေးကွာခြင်းတွေအတွက် ၊
မနက်ဖြန်မှာ ၀ယ်လို့ မရတော့တဲ့ မနက်ဖြန်များအတွက်။
ရက်ရာဇာတွေထည့်ထားတဲ့
လွယ်အိတ်တစ်လုံးကိုလွယ်
ပြီးတော့
ဖိုးလမင်းပေါ်မှာ
ကျော့ကျော့လေးတက်ထိုင်နေလိုက်တော့မယ်။
Thursday, April 22, 2010
မနက်ဖြန်ကို ကျွန်တော်လက်ပြလိုက်တယ်
မိုးတိမ်တွေ ပြုတ်ကျလာမလားဆိုတဲ့ အတွေးနဲ့ 
ကောင်းကင်ဆီကို
ချွေးစေးပျံနေတဲ့ ရာသီဥတုအပျက်တစ်ခုနဲ့ 
စက်အင်ဂျင်မပါတဲ့ ဇင်ယော်ငှက်ကလေးတစ်ကောင်ဟာ
အသံမထွက်ဘဲ ကြိတ်ငို
အလွမ်းတေးကို သူတို့ ဆိုကြလို့ ။
အဝေးကြီးမှာ
ဟိုး ... အဝေးကြီးမှာလေ
ကြယ်ကလေးတွေကို ဒီ့ထက်ချွန်အောင်
ကျွန်တော်ကတော့
သတိတရရှိလွန်းလို့ 
သံယောဇဉ်ကို
ပိုးမွေးသလို မွေးနေလိုက်တယ်။
Saturday, April 17, 2010
မေဦးဖတ်ဖို့ 
မေဦးဖတ်ဖို့ -၁
ငါ....
အကြောင်းအရာ၊ခေါင်းစဉ်
စသဖြင့်ခွဲခြား
အတွေးများစွာထဲက စီးကရက်နံ့ ကို မုန်းတီးခဲ့
ဂျစ်ပစီလို အသက်ရှုခဲ့
“ညီမလေး မမမြင့်” ကိုချစ်မြတ်နိုးခဲ့
အကြောင်းပြချက်များစွာဖြင့်
အသက်ရှင်ခဲ့..........။
ငါ၊ကဗျာဆရာ
လေလိုလူလေ...
ညံ့ဖျင်းမှုအပေါင်းနဲ့ 
ဆုတံဆိပ်များရယူသူ၊
ရက်ထပ်နှစ်မှာ ဖေဖေါ်ဝါရီနဲ့  ရန်ဖြစ်သူ၊
ကိုယ့်တန်ဖိုးကိုယ်မသိသူ၊လူအန္ဒ။
ဟိုစဉ်တုန်းရက်များ
ငါယုံကြည်ရာ သက်ကယ်ရိတ်သွားချိန်၊
တို့ နှစ်ဦးတွေ့ စ ၀ါဆိုတစ်လပေါ့
နင်၊ပန်းဒဏ္ဍာရီထဲက နတ်သမီး
စကားတစ်ခွန်းကို အကြိမ်ကြိမ်ပြောသူ၊
မနက်ဖြန်များနဲ့ မိတ်ဖွဲ့ သူ၊
ရှေ့ နေတစ်ယောက်ရဲ့ စိတ်နဲ့ 
ကလေးဆန်နေသူ၊
နင်၊မူလတန်းတက်ဆဲအချိန်
ငါတို့ တွေ့ စ ၀ါဆိုတစ်လပေါ့။
မြူတွေေ၀၀ါးတဲ့
အချည်းအနှည်းတောင်တန်းတွေမှာ
နင့်ရယ်သံတွေ ငါတွေ့ ရှိခဲ့
မေတ္တာအကြောင်းဆွေးနွေးတဲ့
ဓမ္မသဘင်မှာ..........
နင်က
သနပ်ခါးလိမ်းတတ်တဲ့
ဥရောပဆန်သူလေ၊
ဝါဆိုလေနဲ့ အတူ ငါ့စိတ်လည်း ကိုင်းညွတ်၊
စကားတစ်ခွန်းကို
ဓားခင်းပြီးပြောခဲ့ရ
အဲဒီအချိန်
(လက်ပံတွေ ပွင့်နေသေးတယ်)
ငါတို့ တွေ့ စ ၀ါဆိုတစ်လ။
မိန်းကလေးရေ.................
မျက်နှာမူရာမှာ ပျော်ရွှင်ပါ
အနောက်နေ ထွက်သော ယုံတမ်းတွေမေ့ပစ်
ရွက်စိမ်းသစ်တွေအောက်မှာ
ကညစ်နဲ့ ရေးတဲ့
စာချွန်တစ်ကြောင်း
မဟောင်းနိုင်ပါဘူး.......
ညနေခင်းကစားပွဲမှာ.....
စာမျက်နှာချို့ တဲ့ခဲ့ရသူ ငါ့မိတ်ဆွေမလေးရေ
ငါ ဘယ်လောက်ချစ်တယ်ဆိုတာ
ဘုရားရှင်တောင်ငြင်းနိုင်မှာ မဟုတ်ဘူးကွယ်။
-(၂၅.၁၀.၂၀၀၉)
မေဦးဖတ်ဖို့ -၂
ဖေါင်းပွလာသော ခေတ်လွန်ယဉ်ကျေးမှု၊
ရုပ်၊နာမ်နှစ်ပါး မကွဲပြားတဲ့ ကမ္ဘာရွာကြီး၊
ဒီလိုမျိုး အော်ပရာမပါတဲ့
လူနေမှုပြဇာတ် များထဲမှာ
ငါတို့ ဟာ
အိပ်မက်တူရာချစ်သူများ၊
နေ့ နဲ့ ညပေါင်းများစွာ
ဖွာရရာ ပြန့် ကျဲသွား
မေဦးရေ ...
နင် အရင်လိုသနပ်ခါးလိမ်းသေးရဲ့ လား။
အလွမ်းပူပူတွေဟာ
ရေခဲမြစ်ကို အရည်ပျော်စေတယ်၊
ငါက မိုးဖြူဖြူများကြားက နှင်းလူ၊
ယနေ့ နဲ့ မနက်ဖြန်တွေကို မုန်းသူ၊
အိမ်ခြေယာမဲ့ မီးလောင်ပန်းများကို ပျိုးသူ၊
မြောက်ဝင်ရိုးစွန်း ရေခဲကျွန်းဆီက
အထီးကျန် ဥယျာဉ်မှူး။
ဒီနေ့ လို စနေပေါင်းများစွာထဲ
အခါးတွေ တုန်ရီဖျော့တော့
ယူကလစ်ထင်ရှူးများ လောင်မီးကျရာ
မြေ၀ါ လမ်းခွဲထဲမှာ
ငါ့ သမိုင်းဦးပြာပြာကို နင် ဖြားယောင်းခဲ့၊
မှောင်မှောင်မဲမဲ ကာလာသီဝရီထဲမှာ
ဒီလိုမျိုးမိုးလင်းခဲ့ရတာလည်း အခါခါပဲ။
မေဦးရေ ...
ခိုကိုးရာမဲ့ တိမ်တိုက်များဟာ
နေအပြင်းတွေ ရွာချတယ်
လကမ္ဘာဟာလည်း
ငါတို့ တွေ့ စ ၀ါဆိုတစ်လကလို
ဆောင်းရာသီ မဆန်တော့ဘူး၊
လစ်လျူရှုခြင်းဆိုင်ရာ ဘာသာဗေဒကို
ကျွမ်းကျင်တတ်မြောက်ခဲ့သူ၊
နင်၊ အလေ့ကျပေါက်တဲ့ နတ်ပန်းပင်၊
ရည်မှန်းချက်နဲ့  နှုတ်ခမ်းနီ ဆိုးသူ၊
သနပ်ခါးမလိမ်းတော့တဲ့ မြစ်ဝကျွန်းပေါ်သူ၊
တာဝန်နဲ့  ၀တ္တရားပျက်ကွက်သူ၊
လယ်သူမ။
ငါ့ကျောင်းပြေးရက်တွေ ကို
ထီးမိုးမပေးဘဲ
နင်ဟာ နင်ပီသခဲ့တယ်၊
မေဦးရယ် ...
သမိုင်းဆိုတာ
စူနစ်ပြင်းရှဖွယ်ရာ မီးတောင်မှန်းသိခဲ့ရင်
ဒီဝါးအိမ်လေးကို
ငါ ဆောက်လုပ်ခဲ့မှာ မဟုတ်ဘူး။
အချိန်တန်ပြီပဲလေ ...
ဝမ်းနည်းအားနာခြင်းတွေ မသီဘဲ
ဟိုအရင် သုညဘ၀ကလို
ငါ့ကို ထားရစ်ခဲ့ပေါ့။
-နေ့ သစ်(၂၈.၁၀.၂၀၀၈)
Wednesday, April 14, 2010
ရေတံခွန်အတု
အဲဒါ
သူမအရိပ်ကျခဲ့ဖူးတဲ့
မြေနေရာပေါ့။
ကျွန်တော်ဟာ
လေထီးပါမလာတဲ့ နွေညတစ်ညလို
စက္ကူပန်းနဲ့ ချိန်ရွယ်ပစ်ချတာကို ခံရတယ်။
လူငယ်ဆိုတာ
အသည်းကွဲနေတဲ့မိုးတိမ်လိုပဲ။
လရောင်ကိုဖျော်သောက်၊
အိပ်မက်ကို သင်္ဘောဆေးသုတ်၊
ပြီးတော့
လေယာဉ်ပျံလုပ်တမ်းကစားမယ်။
ကောင်းကင်ဘုံ မလိုပါဘူးကွယ်
လယ်တောတစ်ခုအ၀င်မှာ
ရေအိုးစင်ကလေး ရှိနေရင်ပဲ
ညနေခင်းထဲ ပျော်ဝင်နိုင်ပါတယ်။
အိပ်မက်ဆိုတာ
ရွှေနဲ့ ဆက်ဝယ်ရတာမှ မဟုတ်တာ။
ငါတို့ တွေဟာ
ညခင်းသာသာမှာ
လမင်းချော့မြူ
အိပ်မက်တူဖူးသူတွေ။
အသံဝင်နေတဲ့ခေါင်းလောင်းတွေဟာ
နွေဦးရဲ့ ကဗျာကို ဆိုကြတယ်။
နေရောင်နဲ့ မတည့်တဲ့သစ်ရွက်တွေကြား
တို့ တွေ ပိုလို့ များဝေးသွားသလား။
မိုးတိမ်တွေပေါ်တက်ထိုင်ပြီး
မေးခွန်းတွေကြား ဒန်းစီးနေလိုက်ချင်တယ်။
အဲဒါ
သူမအရိပ်ကျခဲ့ဖူးတဲ့
မြေနေရာပေါ့။
(၁၄.၄.၂၀၁၀)
Monday, April 12, 2010
ပွဲတော်ညကမိန်းကလေး
အ၀ါရောင် အင်္ကျီလေးဝတ်လို့ 
အ၀ါရောင်လို လှတဲ့ ကလေးမ
မနေ့ ညက ငါ့လခြမ်းသေးသေးလေးကို ခိုးသွားတယ်။
ဆံပင်ရှည်တွေ လေမှာလွင့်
ပွဲတော်ဈေးက
မင်းကလေး ခြေတစ်လှမ်းအရွေ့
ငါ့မှာ မေ့လဲသွားမတတ်။
ကလီယိုပက်ထရာ
မာရီလင်မွန်ရိုး
မင်းကလေးအလှမျိုးကို မီပါ့မလား၊
ဖြူရှင်းပြောင်ဝင်းတဲ့
နဖူးပြင်ဖွေးဖွေးလေးဟာ
ဟစ်တလာလက်နက်ချသွားခဲ့ရာ နေရာ။
သွယ်မြ လှပတဲ့
နှာတံစင်းစင်းလေးမှာလည်း
ဒစ်ကာဗာရီအာကာသ လွန်းပျံယာဉ်ကြီး လမ်းချော်ပျက်ကျခဲ့ရ။
ဒင်းကလေးကြောင့်
မေတ္တာသုတ်ကိုလည်း
အဆုံးထိ ငါအလွတ်ရခဲ့ပေါ့။
မျက်လုံးလေးတွေအရည်လဲ့
ငါ့ညတွေကို ဖဲ့ဖဲ့ခြွေနေတာ
သမင်မျက်လုံးဆိုတာ ဒါမျိုးထင်ပါ့။
ပွဲတော်ညက မိန်းကလေးရေ
ဆိုင်းသံ၊ဒိုးသံ ခြိမ့်ခြိမ့်ညံလို့ 
အမိန့် သံတွေ ငါနာခဲ့ရပြီ။
အမေရေ
ဒီတိုက်ပွဲမှာ
ကျွန်တော် ကျခဲ့ရပေါ့။
ကိုယ့်အလံကိုလှဲ
မြေစိုင်ခဲတွေ ကွဲအက်သွားတယ်။
သူကလေး ပါးပြင်မှာ
စံပယ်လေးရုံပွင့်လို့ ။
သူကလေး နှုတ်ခမ်းမှာ
ကာလယန္တရားကြီး လမ်းပျောက်။
ထီးပြိုင်နန်းပြိုင်ဥသြသံတွေနဲ့ 
ငါ့မှာ ...
ကြယ်တွေလတွေကြား
ခရီးထွက်ခဲ့ရပေါ့။
Friday, April 9, 2010
ရွှေရောင်နာ
ပန်းစစ်ပွဲ၊
မီးခဲရဲရဲတွေနဲ့ မွမ်းမံထားတဲ့  နတ်သမီးရုပ်တု၊
စူဠလိပ်ကိုစီးပြီးရေထဲဆင်းသွားတဲ့ ရက်စွဲ၊
အခုချိန်ထိ
ပင့်ကူအိမ်ထဲမှာပဲ
ကျွန်တော်နေတယ်။
Tuesday, April 6, 2010
ဧပရယ်
အချိန်က
အီကွေတာပေါ်ငုတ်တုပ်ထိုင်နေရသလို၊
အ၀တ်ဟောင်းတွေပြန်ဝတ်ပြီး
သီချင်းအဟောင်းတွေပဲ ပြန်ဆိုရတယ်၊
ကမ္ဘာကြီးကို ပက်လက်လှန်လို့ မရတာ
မသိသေးရုံကလွဲလို့ 
ကိုယ့်အဖြစ်က ရေမွန်းနေတုန်း။