မိုးမိထားတဲ့ အိပ်မက်တွေလောက် လှတာ
လောကမှာ ရှိမယ် မထင်ဘူး ။
ခပ်နွမ်းနွမ်းပြုံးနေတဲ့ ကားမှတ်တိုင်လေးမှာ
ရပ်နေတဲ့ အဖာအထေးများနဲ့ လူ
တစ်ယောက်သောသူဆီ မျက်နှာမူနေတယ် ။
ဘ၀ရဲ့ မကျေလည်မှု ဆိုတာ
ရေစက်လက် ကျနေတဲ့ ထီးတစ်လက် ၊
ဗင်ကား အဖြူလေးက မျက်ရည်တွေကို တက်ကြိတ်သွားတယ် ။
မြို့တော်ရဲ့ ရေကြီးမှု သတင်းထဲမှာ
ထင်းခုတ်သွားတဲ့အဖေ ပြန်မလာသေးဘူး ။
မမြင်ဖူးလိုက်တဲ့ တနင်္ဂနွေ မိုးသည်းသည်းဟာ
ဧည့်ခန်းစားပွဲအောက်က ခြင်ဆေးခွေလို
တငွေ့ငွေ့ လောင်မြိုက်လို့ ။
ခပ်ဆွေးဆွေး ငေး ရင်း ။
ဗာဒံပင်ရိပ်မှာ
နေလုံးကြီးကို လက်နဲ့ ချေပစ်လိုက်တယ် ။
သောကြာနေ့အချို့ သေဆုံးကုန်ပြီပဲ ။
စက္ကူငှက်ကလေးနဲ့ ဘေးချင်းကပ်ထိုင်ပြီး
မင်ရည်ကျဲကျဲ ဘောပင်တစ်ချောင်းကို
ချစ်သူ့လက်အလား ဆုပ်ကိုင်ထားမိတဲ့ လူငယ်
ဘယ်ဆီဘယ်ဝယ် မသိတဲ့ အိပ်မက်တွေ
ရောင်းတယ် ၊ ၀ယ်တယ် ။
လေအေးပေးစက်တွေနဲ့ ညနေခင်းကတော့
မာယာပြာပြာတွေနဲ့ လှလို့ ပလို့ ။
ပါရီမြို့ ၊ အီဖယ်လ်မျှော်စင်
ငွေရေးကြေးရေး ကမ်းခြေ ၊ ထွေရာလေးပါး ညမနက်စာ
ဆေးမင်ကြောင်ထိုးထားတဲ့ နှင်းဆီပန်းနဲ့
မှတ်စုစာအုပ် နောက်ဆုံးမျက်နှာက မိန်းကလေး ။
ထီလှည်းလေးဆီက လွင့်လာတဲ့ သီချင်းသံဟာ
ဝါကြန့်ကြန့် လျှပ်စစ်မီးသီးကို လာရောက် တိုက်ခိုက်
အသည်းကွဲလူမိုက်တို့ အိမ်ယာ
ညအိပ်တေးမရှိတဲ့ မြေကမ္ဘာ ။
သူမက ပန်းတစ်ပွင့် ပန်ထားတယ်
ကျွန်တော့်မှာ ရာသီဥတု ဖောက်ပြန်နေတယ် ။
အိပ်မပျော်သေးတဲ့ သံချောင်းခေါက်သံအချို့ရယ်
မာနနဲ့ စိမ်ပြေးတမ်း ကစားနေတဲ့ ကြွက်တွေရယ်
အကောင်းစား စက္ကူနဲ့ လေယာဉ်လက်မှတ်ရယ် ။ ။
“ခြစ်ရာ ၁ ၂ ၃ ၄ .... စသည်ဖြင့်” မှ