rss
Twitter Delicious Facebook Digg Stumbleupon Favorites
Wednesday, September 29, 2010
ဂုဏ်ယူတယ် ဂျိုး
ကျောက်မီးသွေးရထားကြီးစီးပြီး
မီးခိုးမှုန်တွေလို ခင်ဗျားထွက်သွားတဲ့နေ့ က
ဗာဒံသီးတွေ တဖွဲဖွဲကြွေကျခဲ့တယ်။
ခင်ဗျားဆံပင်တွေရဲ့ နေ့ စဉ်ဝင်ငွေက
လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ လူငယ်တွေပဲ ဂျိုး
ကျုပ်တို့ ကိုဘယ်သူမှ အစိုးမရနိုင်ဘူး။
လက်နဲ့ ကဗျာရေးသူ လူတစ်ရာထက်
ရင်ဘတ်နဲ့ ကဗျာရေးတဲ့ခင်ဗျားတစ်ယောက်ကို
ကျုပ် ပိုနှမြောတယ်။
အနုပညာနဲ့ ရိုးသားမှုမှာ
ခင်ဗျားက တရားနည်းလမ်းကျအောင်နိုင်သူ။
ခင်ဗျားက အပြိုင်အဆိုင်ကင်းတဲ့ ဂျင်းဘောင်းဘီ
မိုးဦးကျ လယ်သမား၊
လူပြက်။
ကဗျာလောကဟာ မွန်းတည့်ချိန်မှာ။
ခင်ဗျား ထွက်သွားတယ်၊
ကျုပ်လည်း မကြာပါဘူး။
ဂုဏ်ယူတယ် ဂျိုး
အောင်မြင်စွာ ဆုတ်ခွါသွားခြင်းပါ။
Sunday, September 26, 2010
ဆံပင်မညှပ်ပဲနေလို့ ကျနော့်ဆံပင်တွေ ရှည်လာတယ်
တနင်္ဂနွေကို ကျောပေးထိုင်နေတဲ့ ဓာတ်တိုင်
ညဟာ သူ့လက်သည်းခြေသည်းတွေကို ညှပ်ထားတယ် ။
ရုတ်တရက် ရီဝေမှိုင်တွေသွားခြင်းရဲ့ နောက်ကွယ်မှာ
ဖယောင်းတိုင်ဟာ တငွေ့ငွေ့၊
ဆံပင်မညှပ်ပဲနေလို့ ကျနော့်ဆံပင်တွေ ရှည်လာပြီ။
ဂျင်းဘောင်းဘီ၊ရော့ခ်သီချင်းတွေနဲ့
ပလက်ဖောင်းကို တံတွေးတစ်ချက်ထွေးပစ်ပြီးတဲ့နောက်
ရန်ကုန်မြစ်ကြီး အေးခဲသွားတယ်။
ဖွင့်ချလိုက်တဲ့ စိတ်ကြွရူးသွပ်ခြင်းမှာ
အမှတ်(၂) လမ်းမကြီးဟာ အတိုင်းသား ။
အဲဒီနေ့ကဆံပင်ဖြတ်လိုက်တယ်
ဆေးလိပ်ဖြတ်လိုက်တယ်
တစ်လက်စတည်း သံယောဇဉ်ပါဖြတ်လိုက်တယ် ။
Tuesday, September 14, 2010
လူငယ်ညနေခင်း
ရာသီဥတုက ဂျင်းဘောင်းဘီကို ခေါက်တင်ထားတယ်။
ညနေစောင်းစောင်းက လေအေးပေးစက်ထဲမှာအိပ်ပျော်လို့ ၊
ဖွင့်ထားတဲ့ ပြတင်းပေါက်ဟာ ကာရေဘီယံပင်လယ်ထဲမှာ၊
ဒီဘ၀ ကမ္ဘာမကျော်တော့မယ့် အတူတူ
တိမ်တွေကိုလက်နဲ့ ဆွဲယူပစ်လိုက်တယ်။
ကျွန်တော်ရယ်၊ကျွန်တော့်သူငယ်ချင်းတွေရယ်
လက်ဖက်ရည်ဆိုင်ပုပုရယ်၊ခွေးခြေပုပုတွေရယ်
နောက်၊ဂုဏ်သိက္ခာပုပုတွေ။
ဗီသိုဗင် အရပ်ဘယ်လောက်ရှည်သလဲ ကျွန်တော် မသိဘူး။
ယဉ်ကျေးမှု အခွံလွတ်တစ်လုံးလို။
ရေနွေးကြမ်းတစ်ခွက်ကို ကျွန်တော် မော့သောက်လိုက်တယ်။
လည်ချောင်းထဲကို ရော့ခ်သီချင်းတစ်ပုဒ်စီးဝင်သွားတယ်။
နေ၀င်တော့မယ် နပိုလီယံ။
လူငယ်တွေ ဘာလုပ်ကြမှာလဲ၊ဘယ်သွားကြမှာလဲ
ချေဂွေဗားရာဆိုတာ ဆရာဝန်ပညာတတ်၊
ပြီးတော့ ၊ တော်လှန်ရေးသမား။
ကျွန်တော့် ညာဘက်လက်မောင်းမှာ
ခေတ်ဟောင်းရုပ်ရှင်ကားတစ်ကား ရုံတင်ပြသတယ်။
အောင်ဆန်းရှိတယ်၊အာရှတိုက်ရှိတယ်
ခင်ဝမ်းရှိတယ်၊မောင်ချောနွယ်ရှိတယ်
ရထားပေါ်က သံယောဇဉ်တွေ ပစ်ချခဲ့။
အခု၊လူငယ်တွေ ဘတ်စ်ကားစီးပြီးခေတ်ကို မီအောင်လိုက်နေတယ်။
Sunday, September 5, 2010
ကျွန်တော့်သူငယ်ချင်းရယ်၊ကျွန်တော်ရယ်
ကျွန်တော့်သူငယ်ချင်းက ကြယ်မကြွေတဲ့ အရပ်ဆီ လမ်းလျှောက်တယ်
ကျွန်တော်က ဗန်ဂိုးကိုအားကျလို့ နားရွက်ဖြတ်ပစ်တယ်
ကျွန်တော့်သူငယ်ချင်းက ကျောက်သင်ပုန်းတစ်ချပ်လို ရယ်မောတဲ့အခါ
ကျွန်တော်က ဒုဌ၀တီမြစ်ကြီးကို မောင်းနှင်နေလိုက်တယ်
သံချောင်းခေါက်သံ ဆယ့်နှစ်ချက် ဆုံးသွားတော့
ကျွန်တော့်သူငယ်ချင်းဟာ ဖုန်းနံပါတ်လေးကိုခေါင်းအုံးအောက် ထိုးထည့်လိုက်တယ်
ကျွန်တော်တို့ အိပ်မက်ဟာ အီလက်ထရောနစ်ဖိနပ်တွေပေါ်မှာ
အီရတ်ကလေးငယ်တစ်ယောက်ရဲ့ ဘ၀အာမခံချက်၊
ယနေ့  မနက်စာက နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်၊
ဒေါ်လာဈေးကျလာတာနဲ့ အမျှ
ကျွန်တော့်သူငယ်ချင်းဟာ ခေါင်းတလားထဲ ၀င်အိပ်တယ်
ကျွန်တော့်သစ္စာတရားကတော့ ကျွန်တော့်ကိုထားပြီး ကားကြုံနဲ့ လိုက်သွားတယ်
ပင်လယ်ကဗွီးပင်လေးဟာ သေနတ်ပြောင်းဝကထွက်ကျလာတဲ့ မနက်ဖြန်ထဲမှာ၊
မီးခိုးရောင်ဝတ်စုံနဲ့ ဆောင်းရာသီအကြောင်း၊
သင်္ဘောဆေးတွေ၊အောင်မြင်ကျော်ကြားမှုတွေအကြောင်း၊
အန်နာကာရနီနာ ၀တ္ထုရှည်ကြီးအကြောင်း၊
ကျွန်တော့်သူငယ်ချင်းဟာ အမေရိကတိုက်ကို ရှာဖွေဖို့ ဆိုပြီး
ဖိနပ်မစီးဘဲ ပြောပြောဆိုဆိုနဲ့ ထွက်သွားတယ်၊
ကျွန်တော်က လွမ်းလွန်းလို့  ကျောက်စရစ်ခဲကို ခြေထောက်နဲ့ ကန်နေမိတယ်။