အားလုံးပြီးဆုံးသွားပြီ ဂျိုး
ဆွဲလက်စပန်းချီကားထဲ ကျုပ်ဝင်ထိုင်လိုက်တယ်။
မိုက်လို့ မကုန်နိုင်တဲ့လူငယ်ဘ၀မှာ
ဒဏ်ရာအနာတရဆိုတာ
ကိုလံဘတ်ရှာမတွေ့ ခဲ့တဲ့ နယ်မြေသစ်တွေပဲ ။
လမ်းထိပ်အုတ်ခုံမှာ ထိုင်ရင်း
ဆေးလိပ်ကို မီးမညှိဘဲသောက်ကြည့်ခဲ့ဖူးတယ်
သိပ်ထူးဆန်းတယ် ဂျိုး
ကျုပ်ဆံပင်တွေ ရှည်လာပြန်ပေါ့။
ရိုးသားမှုမပါဘဲ ဘတ်စ်ကားစီးရတာ သိပ်အဆင်မပြေလှဘူး
ခေတ်ကြီးဟာ အရက်မူးနေပြီ။
ကျော်ကြားမှု၊ငွေစက္ကူ
စစ်မှန်တဲ့ ချစ်မေတ္တာ၊အမှန်တရား
ပလက်ဖေါင်း၊ဖိုမဆက်ဆံရေး
ကျုပ်တို့ မှာ ရွေးချယ်စရာမရှိဘူး၊
ရွေးချယ်ခွင့်မရှိဘူး။
တစ်ခါတစ်လေမှာ
လူငယ်တွေရဲ့ စိတ်ဓာတ်ဟာ
အရာအားလုံးထက်ပိုမြင့်မြတ်တယ် ဂျိုး
မီးခိုးတန်းတွေ ခရီးသွားတယ်။
မှားတဲ့အခါ ခါးထောက်နေမယ်
မှန်တဲ့အခါ ဘယ်ကိုမှ မပြန်ဘူး
ပန်းချီကားထဲမှာ မိုးပိုသည်းနေပြီ။
အနုပညာနဲ့ ကိုယ်ကျင့်တရားမှာ
ကျောက်သင်ပုန်းဟာ အစိတ်စိတ်ကွဲကြေလို့ ၊
ကျုပ်ရှာဖွေတွေ့ တဲ့ အချစ်ဆိုတဲ့ တီရှပ်ထဲ
"အာဒံရဲ့ အချစ်ဦးဟာ ဧ၀မဟုတ်ဘူး"ဆိုတာပဲ ထွက်ကျလာတယ်။
ဂျိုးရေ ...
ကျုပ်စိုက်ခင်းတွေ အောင်မြင်ခဲ့ပါတယ်
အနုပညာ၊ချစ်ခြင်းမေတ္တာ၊သစ္စာတရား
အရာအားလုံးမှာ ကျုပ် လိပ်ပြာလုံတယ်။
တကယ်တော့ ဟီရိုရှီးမားဟာ
အနုမြူဒဏ်ကြောင့် ပြာကျခဲ့တာ မဟုတ်ဘူး။
ဒီနေ့ ကစပြီး
ရှုမျှော်ခင်းကို တစ်ဝက်ပဲ ကြည့်တော့မယ် ဂျိုး
အလှတရားကို ရိုးရှင်းတဲ့ ပုံစံမထုတ်ချင်တော့ဘူး။
ဒီနှစ်ထဲ ခေတ်ပေါ်မိန်းမတစ်ယောက်ကို ရိုးသားစွာချစ်မိတာလွဲလို့ 
ဘာအောင်မြင်မှုမှ မရှိဘူး၊
လူဆိုတာ ရူးနေတဲ့အမျိုးပဲ။
ကျုပ်တို့ ဝတ်ထားတဲ့အင်္ကျီ ဘာတံဆိပ်လဲ
ကျုပ်တို့ သွားနေတာ လမ်းနံပါတ် ဘယ်လောက်လဲ
ဖိနပ်စီးခဲ့ ဂျိုး
အချစ်၊ငွေ၊ကျော်ကြားမှု
ရာသီဥတုက အချိန်နဲ့ အမျှပြောင်းလဲတယ်။
ကျုပ်တို့  ဘောင်းဘီဝတ်တယ်
လမ်းလျှောက်တယ်
မုသားစကားပြောတယ်
အရက်သောက်တယ်။
ယုံကြည်ချက်အမှန်တရားဟာ
လကမ္ဘာပေါ်က အမေရိကန်အလံ၊
လူသားတွေ အောင်နိုင်ခဲ့ပါတယ်၊
လူငယ်တွေ အောင်နိုင်ခဲ့ပါတယ်။
ခေတ်ကို ဖြတ်မယ် ဂျိုး
တန်းတွေ ကွင်းတွေ ကိုင်ထားပါ
လိုအပ်ရင် ဘရိတ်သုံးမယ်။
-နေ့ သစ်
ကျုပ်က လူငယ်ပီပီ
ရန်ကုန်မြို့ ကြီးကို မကြာခဏခလုတ်တိုက်တယ်။
ကိုယ့်ကိုယ်ကို လူမိုက်လို့ 
သတင်းစာထဲ ထည့်ကြော်ငြာခဲ့တုန်းက
ယုံကြည်ချက်ဟာ တော်လှန်ရေးမီးရထား။
တစ်ဘ၀လုံး သတင်းအမှားတွေချည်းပဲ ရတယ်
ဇော်ဝင်းထွဋ်ရဲ့  ဂျစ်ပစီမိုးတိမ်ဟာ မျက်နှာကျက်မှာ တ၀ီဝီလည်လို့ ၊
အဆင်မပြေဘူး။
အဖြူရောင်တီရှပ်လေးပေါ်က ရှုံးနိမ့်မှုထဲ
အချစ်ဟာ ဟိုအရင်ခေတ်အဆက်ဆက်ကအတိုင်း၊
မကြည်ဖြူ ပေါ့။
ခင်ဗျားက မော်တော်ကားယဉ်ကျေးမှု
ကျုပ်က ထင်းရှူးပင်၊
လူသားနှစ်ဦးရဲ့ တွေ့ ဆုံ ယုံကြည်မှုခဏမှာ
ဘ၀ကို နေရောင်တွေပေကျံနေခဲ့တယ်။
အခု ဖိနပ်တွေအိမ်ပြန်သွားကြပြီ
မကြည်ဖြူ။